လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေး အခြေအနေများကြောင့် နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးတို့ တသားတည်းပေါင်းစည်းနိုင်ခဲ့ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါသည်။
“လက်ရှိ တည်ဆဲအခင်းအကျင်းမှာ၊ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးတွေဟာ တသားတည်း ပေါင်းစည်းနိုင်ခဲ့တာကို ကျနော်တို့အားလုံး လက်ကမ်းကြိုဆိုကြောင်း ပြောကြားချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ၁၃/၂၀၂၄ အစိုးရ အဖွဲ့အစည်း အဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပေါင်းစည်းနိုင်ခဲ့သည့်အတွက် လာမယ့် ၂၀၂၅ ခုနှစ်တွင် မျှော်မှန်းနိုင်မည့် တော်လှန်ရေးရလဒ်များ ရရှိအောင် ကွင်းဆက်မိမိနှင့် စနစ်တကျတည်ဆောက်ထားရန် လိုသည်ဟုလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆက်ပြောသည်။
ဒူဝါလရှီးလက “နွေဦးတော်လှန်ရေးမှာ အတိတ်က ဒီမိုကရေစီတော်လှန်ရေး၊ ကျောင်းသား တော်လှန်ရေး၊ လူထုတော်လှန်ရေး၊ တိုင်းရင်းသားတော်လှန်ရေးစတဲ့ အတိတ်ကလျှောက်လှမ်းခဲ့တဲ့ တော်လှန်ရေး အသီးသီးရဲ့နောက်ကွယ်က ကျေးဇူးပြုမှုတွေရှိခဲ့လို့သာ နွေဦးတော်လှန်ရေးလှိုင်းဟာ အမြင့်မားဆုံးဒီရေအထိ ရောက်ရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် အချိန်အခါကောင်းနဲ့ အခွင့်အခါကောင်းကို အလေးအနက်ထား စဉ်းစားပြီး လူထုအတွက် အကောင်းဆုံးသော တော်လှန်ရေးရလဒ်တွေ ထပ်မံဆောင်ကျဉ်းပေးဖို့ အထူး မေတ္တာရပ်ခံလိုပါတယ်။ နောင်လာမယ့် ၂၀၂၅ ခုနှစ်မှာ မျှော်မှန်းနိုင်မယ့် တော်လှန်ရေးရလဒ်တွေကို အခုအချိန် ကတည်းက ကွင်းဆက်မိမိ စနစ်တကျ တည်ဆောက်ထားဖို့လိုကြောင်း ပြောချင်ပါတယ်” ဟု ဆိုသည်။
အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် NUG အနေဖြင့် လက်ရှိနွေဦးတော်လှန်ရေးတွင် တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP စသည့် အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင် နေသည်ဟု ထုတ်ပြန်ပြောဆိုထားသည်။
ထို့အပြင် အခြားနာမည်ဖော်ပြ၍ မရသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း လက်တွဲ လုပ်ဆောင်မှုများ ရှိနေသည်ဟု NUG က ဆိုသည်။
ဒူဝါလရှီးလ “အခုဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်းဧရိယာ တစ်ခုလုံးရဲ့ တော်လှန်ရေးတပ်ဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ အင်မတန် အားရကျေနပ်စရာ ကောင်းတာကိုလည်း ထင်ထင်ရှားရှား တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေပါတယ်” ဟု ပြောသည်။
NUG သည် နွေဦးတော်လှန်ရေးတစ်ခုလုံး၏ ကံကြမ္မာနှင့်ဆက်စပ်ပြီး ဖြစ်တည်နေသည့် အစိုးရအဖွဲ့ ဖြစ်သည်ကို သတိချပ်ဖို့လိုအပ်သလို ပြည်သူလူထုအနေနဲ့လည်း ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် အနာဂတ်ကံကြမ္မာကို အပ်နှံထားကြသည် ဆိုသည့်အချက်ကို မမေ့ကြရန်လည်း NUG ယာယီသမ္မတက တိုက်တွန်းထားသည်။
NMG ပေးပို့သည်။