28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းနောင်မွန်မှာ စစ်သင်တန်းဆင်းထားတဲ့ လူငယ်တွေကို ခေါင်လန်ဖူးပို့ဖို့ ပြင်ဆင်နေ

နောင်မွန်မှာ စစ်သင်တန်းဆင်းထားတဲ့ လူငယ်တွေကို ခေါင်လန်ဖူးပို့ဖို့ ပြင်ဆင်နေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေပြီး သင်တန်းဆင်းလာသူများကို ခေါင်လန်ဖူးဘက်သို့ ပို့ဆောင်ရန် ပြင်ဆင်နေသည်ဟု မြို့ခံများပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီတပ်နှင့် နောင်မွန်ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလကစပြီး နောင်မွန်မြို့ပေါ်နှင့် ကျေးရွာတချို့မှ လူငယ်များကို တစ်အိမ်တက်တစ်အိမ်ဆင်းကာ ပြည်သူ့စစ်လုပ်ရန် လိုက်လံစုဆောင်းနေသည်ဟု ၎င်းတို့က ပြောသည်။

နောင်မွန်မြို့ခံ အမျိုးသမီးတစ်ဦး “ကလေးတွေကတော့ သင်တန်းပြီးကြပြီ။ အယောက် ၁၀၀ ကျော်တယ်။ အဲ့ထဲမှာ မိန်းကလေးတွေပါတယ်။ ယောကျာ်းလေး အများပိုင်းပါတယ်။ သူတို့ကို အခုခေါင်လန်ဖူးဘက်ပို့မယ်တဲ့” ဟု ပြောဆိုသည်။

ပြည်သူ့စစ်မလုပ်မနေရစနစ်နှင့် လိုက်လံစုဆောင်းထားသည့် လူငယ် ၁၂၀ ဦးဝန်းကျင်ရှိပြီး သင်တန်းလည်းပြီးကြပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လတ်တလောတွင် သင်တန်းဆင်းထားသည့် ပြည်သူ့စစ်လူငယ် ၁၂၀ ဦးသည် ယခုလထဲ၌ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တို့နှင်ပေါင်းပြီး ရှေ့တန်းစစ်မြေပြင်ကို သွားရောက်တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက “မြို့ပေါ်ကလည်းပါတယ်။ ရွာတွေဘက်ကလည်း ပါတယ်။ သင်တန်းက တစ်လပဲတက်ရတာ။ အခု တစ်လပြည့်သွားပြီလေ။ အဲ့ဒါကြောင့် ခေါင်လန်ဖူးရှေ့တန်းကိုသွားရမယ်တဲ့။ သင်တန်းက မြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့နေရာမှာပေးတာ” ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့က နောင်မွန် အ. ထ.ကကျောင်းတွင် ပြည်သူများကိုစုဝေးခိုင်းကာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က ပြည်သူ့စစ်မှုထမ်းရန် လိုက်လံစည်းရုံးပြောဆိုခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များသည် ခေါင်လန်ဖူးမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဆော့လော်မြို့နယ်ထဲက လန်ဆယ်ရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လန်ဆယ်ရွာကို သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်နှင့် စစ်ကောင်စီတပ်တို့က ခေါင်လန်ဖူးဘက်သို့ စစ်ရေးပြင်ဆင်မှု စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်လည်း ခေါင်လန်းဖူးမြိုနယ်ထဲက ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်တပ်ဖွဲ့၏ လားဟူဆယ် ရှေ့တန်းတပ်စခန်းတစ်ခုကို KIA နှင့် ပူးပေါင်းတပ်တို့က ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။

ခေါင်လန်ဖူးဘက်ရှိ တပ်စခန်းများ သိမ်းခံလိုက်ရပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့သည် ခေါင်လန်ဖူးဘက်ကို စစ်အင်အားဖြည့်တင်းကာ ပြည်သူ့စစ်သင်တန်းများ ပေးနေခြင်းဖြစ်သည်။

KNG ပေးပို့သည်။