နောင်ချိုစစ်ဘေးရှောင် ၅,၀၀၀ ကျော် ရွာပြင်တွင် တဲထိုးနေကြရပြီး ဆေးဝါးနှင့်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
145
ပုံစာ - ကျေးရွာများရှိလယ်ထဲတွင် တဲထိုးနေထိုင်ကြရသည့် နောင်ချိုဒေသခံစစ်ဘေးရှောင်များ။

သျှမ်းပြည်၊ နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၅,၀၀၀ ကျော်သည် မိုးရာသီတွင် တဲထိုးနေထိုင်ရခြင်းကြောင့် နေရာထိုင်ခင်း အခက်အခဲဖြစ်သည့်အပြင် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း နောင်ချိုစစ်ဘေးရှောင်များက ပြောသည်။။

ပြီးခဲ့သည့် ဧပြီလအတွင်း တကျော့ပြန် စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့၏ ပြင်ဦးလွင် -နောင်ချို နယ်စပ်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် သရက်ကုန်းနှင့် ဆီဆုံကျေးရွာအုပ်စုမှ စစ်ဘေးရှောင် ၅,၀၀၀ ကျော်သည် လုံခြုံရေးအရ ကျေးရွာများထဲ မဝင်ရဘဲ လယ်တောထဲတွင်သာ တဲထိုးနေထိုင်ကြရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “အခြေအနေကတော့ စားစရာလည်း မရှိဘူး၊ တဲကလည်း မလုံတော့ မိုးရွာတာနဲ့ မိုးယိုတာ။ အလုပ်ကလည်း မလုပ်ရဘူးဆိုတော့ တော်တော်လေး ဒုက္ခရောက်တယ်။ အခုက ရွာထဲမဝင်ရဘဲနဲ့ ရွာအရှေ့ဘက်မှာ လယ်ထဲ တဲထိုးနေရတာ။ နိုင်ငံရေးပြန်ကောင်းမှ ရွာထဲပေးဝင်မယ်လို့ ပြောတာ။ ပြည်သူ့ကာကွယ်ရေးတပ်က ပြောတာ” ဟု ပြောသည်။

ပြင်ဦးလွင် – နောင်ချို နယ်စပ်ရှိ သရက်ကုန်း၊ ဆီဆုံနှင့် သံဘိုကျေးရွာအုပ်စုတို့တွင် ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ တောက်လျှောက် ဖြစ်ပွားလာခဲ့သည်။

နောင်ချိုမြို့နယ် သရက်ကုန်းနှင့် ဆီဆုံကျေးရွာအုပ်စုရှိ ကျေးရွာများထဲတွင် PDF တပ်ဖွဲ့များ ဝင်ရောက်နေရာယူထားကြောင်း စစ်ဘေးရှောင်များက ပြောဆိုနေခြင်းကြောင့် မန္တလေး-PDF ထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ယင်းကဲ့သို့ အရပ်သားများ နေထိုင်ရာ၊ စစ်ဘေးရှောင်စခန်းများရှိရာတွင် တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်သားများ ဝင်ရောက်နေရာယူခြင်းနှင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းတို့သည် စစ်ရာဇဝတ်မှု (war crimes) ပြစ်မှုမြောက်သကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်းစာပိုဒ်ပါ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက် ကာကွယ်မှုကို အကာအကွယ်ပေးရမည့် စာချုပ်ကိုလည်း ကျူးလွန်ရာ ဖြစ်နေသည်။

နောင်ချိုမြို့နယ်အတွင်းရှိ ဆီဆုံ၊ ပါဟက်၊ မန်နား၊ ပန်ခံ၊ ဇာလီ၊ သရက်ကုန်း၊ ချောင်းကြီး စသည့် ကျေးရွာများမှ အိမ်ထောင်စု ၁,၀၀၀ ကျော်သည် နှစ်ဘက်တိုက်ပွဲအတွင်း အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်ရပြီး စစ်ဘေးရှောင်စခန်း အတည်တကျမရှိခြင်းကြောင့် အကူအညီလက်ခံရရှိမှု နည်းပါးကြောင်း သိရသည်။

လက်ရှိတွင် လယ်တောထဲနေထိုင်နေရသည့် စစ်ဘေးရှောင်ကလေးများနှင့် သက်ကြီးရွယ်အိုများသည် ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် နောင်ချိုမြို့နယ် ပါဟက်ကျေးရွာအနီး စစ်ဘေးတိမ်းရှောင်နေသည့် အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးသည် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားခဲ့ရာတွင် အချိန်မီ ဆေးကုသမှု မရရှိခြင်းကြောင့် သေဆုံးသွားကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“စစ်ဘေးရှောင်ကလေးတွေလည်း အပြင်းဖျားပြီး ထမင်းမစားနိုင် ဖြစ်ကြတာ။ ဖျားတာ ၇/၈ ရက် ရှိပြီ၊ အပူတက်ပြီး ဖျားတာ။ လမ်းမကောင်းတော့ ကူတဲ့လူလည်း မရောက်ဘူး။ စစ်ရှောင်ရင်း ဖျားလို့ဆုံးတာ အသက် ၂၂ ပဲ ရှိသေးတာ၊ ဗိုက်နာလို့ ဆုံးတာ။ ဆေးတစ်ချောင်းပဲ ထိုးလိုက်ရတယ်၊ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ဘူး” ဟု စစ်ဘေးရှောင်အမျိုးသမီးက ပြောဆိုသည်။

လက်ရှိတွင် ပြင်ဦးလွင်နှင့် ဘန့်ဘွေးရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ အင်းဝိုင်းကျေးရွာအုပ်စုဘက်ရှိ ဆင်းရွှေလီသကြားစက်အနီး ကျရောက်ခဲ့ရာ၌ ယင်းဒေသရှိ စစ်ဘေးရှောင်များမှာ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here