နိုင်ငံတစ်ဝန်းရှိ တိုက်ပွဲများ၊ သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေရသူများကို လိုအပ်သည့် ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ကြေညာထုတ်ပြန်သည်။
စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေကနေ ယာယီနေရပ်ရှောင်တိမ်းနေရသူများအား ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတို့တွင် စာရင်းများကို ယခုနှစ်အစပိုင်းကစ၍ ကောက်ယူနေသည်ဟု ဆိုသည်။
စစ်ကိုင်းတိုင်းသည် မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်ဘေးတိမ်းရှောင်သူအရေအတွက် အများဆုံးဖြစ်ပြီး စစ်ကောင်စီဘက်က ထောက်ပံမှုပေးရန် စာရင်းပြုစုကောက်ယူခြင်းလည်းမရှိကြောင်း စစ်ကိုင်းဒေသခံ စစ်ဘေးရှောင်များက ပြောသည်။
စစ်ကိုင်းဒေသခံစစ်ရှောင်တစ်ဦးက “စစ်ဘေးရှောင်စာရင်းကောက်ဖို့ နေနေသာသာ စစ်ဘေးရှောင်တွေ မြို့ပေါ်သွားရင်တောင်မှ လူငယ်တွေ၊ ယောက်ကျားလေးတွေဆို အခန့်မသင့်ရင် ဖမ်းတယ်။ စစ်မှုထမ်းခိုင်းဖို့ပေါ့၊ ဘာလုပ်ရမလဲ ဒီကတွေလည်း မသွားဘူး” ဟု ပြောသည်။
ယင်းကြေညာချက်တွင် စစ်ရှောင်စခန်းများအပြင် ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးသားချင်းနေအိမ်များနှင့် နေအိမ်ငှားရမ်းနေထိုင်သူများကဲ့သို့ ရှောင်တိမ်းနေထိုင်နေကြသော အိမ်ထောင်စုများအားလုံးကို ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ ထိုကြေညာချက်နှင့်ပတ်သက်ပြီး “ထောက်ပံ့မယ် လှူမယ်လို့တော့ အသံတော့ကြားပါတယ်ဗျ။ ကျွန်တော်တို့ဆီမှာ လက်ရှိအချိန်ထိ စာရင်းတော့ လာမကောက်သေးဘူးဗျ” ဟု မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ် စုများ စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း၌ တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ မြို့ရွာတိုင်းနီးပါးတွင် ရှိနေသော်လည်း စစ်ဘေးရှောင်အများစုသည် လူသားချင်းစာနာမှုဆိုင်ရာ အထောက်ပံအကူအညီများ မရရှိသလောက် နည်းပါးကြောင်း ဆက်သွယ်မေးမြန်းမှုများအရ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅ သန်းကျော်ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်များ မြင့်တက်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) မြန်မာက ယခုဇန်နဝါရီလအစောပိုင်းတွင် ထုတ်ပြန်ထားသည်။
ရှမ်းနီအသံ ပေးပို့သည်။