မွန်ပြည်နယ်အတွင်းရှိ နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ထားသည့် ဌာနဆိုင်ရာဝန်ထမ်းများအား စာရင်းကောက်ယူနေပြီး အဆိုပါနိုင်ငံကူးလက်မှတ်တို့ကို သက်ဆိုင်သည့်ဌာနဆိုင်ရာဦးစီးသူတို့ထံ အပ်နှံသွားရမည်ဟု ညွှန်ကြားထားသည်ဟု စစ်ကောင်စီဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။
နိုင်ငံကူးလက်မှတ်စာအုပ် ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများ၏စာရင်းကို ယခုဖေဖော်ဝါရီလအတွင်း အပြီးစီးတင်ပြရမည်ဟု သတ်မှတ်ထားကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
“ကိုယ်ပတ်စပို့စာအုပ် လုပ်ထားတယ်၊ ကိုယ့်လက်ဝယ် ပတ်စပို့စာအုပ်ရှိတယ်ဆိုတဲ့အကြောင်းကို ကိုယ့်ရဲ့ မြို့နယ်ပညာရေးဌာနကို စာရင်းပေးရမယ်။ ဒီမြို့နယ်ပညာရေးဌာနကနေတဆင့် လ ဝ က ကို စာရင်းပေးသွားမှာပေါ့” ဟု ပြောသည်။
ပြည်နယ်ပညာရေးဦးစီးဌာန၏ ဇန်နဝါရီနောက်ဆုံးပတ်တွင် ပြုလုပ်သည့် လစဉ်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကပါ ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံကူးလက်မှတ်စာအုပ်ကိစ္စပါ ဆွေးနွေးခဲ့ပြီး မြို့နယ်အလိုက် ပညာရေးဦးစီးဌာနတို့ထံ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ စာရင်းကောက်ခံနေသည်နှင့်ပတ်သက်ပြီး ဝန်ထမ်းများထံ တိကျသောရှင်းလင်းချက်များ ပြောကြားခြင်း မရှိသည့်အပြင် ပူးပေါင်းမပါဝင်သူများအား အရေးယူသွားမည်ဟု ခြိမ်းခြောက်ထားကြောင်း အဆိုပါပညာရေးဝန်ထမ်းက ဆက်ပြောသည်။
နိုင်ငံကူးလက်မှတ်စာအုပ် အမှန်တကယ်အပ်နှံရမည်ဆိုပါက ပြည်ပထွက်ခွင့် လုံးဝပိတ်ပင်ခံရသည့်သဘောဖြစ်ပြီး လူတစ်ဦး၏ ပုဂ္ဂိုလ်ရေးရအခွင့်အရေးတို့ကို ချိုးဖောက်နေသည့်သဘောဖြစ်ကြောင်းလည်း ဝန်ထမ်းများကြား ပြောဆိုလျှက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲသည့် ဇန်နဝါရီ ၂၃ ရက်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်ကောင်စီ လက်အောက်ဝန်ထမ်းများလည်း စစ်မှုထမ်းရမည်ဟု သတ်မှတ်ထားခြင်းကြောင့် စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်၍ စစ်ကောင်စီဝန်ထမ်းတို့ကြား စိုးရိမ်မှု မြင့်တက်လျှက်ရှိနေကြောင်း ပြောဆိုကြသည်။
လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေယန္တရား ဆက်လက်လည်ပတ်နိုင်ရန်နှင့် ပြည်ပထွက်ခွင့်ကို ပိတ်ပင်နိုင်ရေး အဘက်ဘက်မှဖိအားပေး လုပ်ဆောင်လျက်ရှိပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် လုပ်ငန်းဆိုင်ရာတွင်လည်း လူဝင်မှုကြီးကြပ်ရေးဌာနက ထပ်မံတင်းကြပ်ထားကြောင်း သိရသည်။
လက်ရှိချိန်တွင် နိုင်ငံကူးလက်မှတ် လျှောက်ထားလုပ်ဆောင်နေသည့် လူငယ်တစ်ဦးက “အခု ပတ်စပို့လုပ်တာရော စမတ်ကတ်လုပ်တာရော အရင်ကထက် ပိုခက်လာတယ်။ လုပ်ရင် ပွဲစားနဲ့လုပ်မှရမယ်။ ပွဲစားနဲ့မဝင်ရင် သူတို့ မလုပ်ပေးဘူး။ မှတ်ပုံတင်ပြောင်းတာကအစ ပွဲစားနဲ့ဝင်မှ သူတို့လုပ်ပေးတယ်။ ပြီးတော့ ပတ်စပို့ရတဲ့အချိန် သွားထုတ်ရင်လည်း လူကိုယ်တိုင်သွားမှ သူတို့ထုတ်ပေးတယ်။ လူကိုယ်တိုင်မဟုတ်ရင် မပေးဘူး” ဟု ပြောသည်။
မွန်ပြည်နယ်အတွင်း သာမန်အရပ်သားများကိုပင် စစ်မှုထမ်းရန် နည်းလမ်းအမျိုးမျိုး အသုံးပြု၍ စစ်ကောင်စီက ခေါ်ယူနေခြင်းဖြစ်ပြီး စစ်ကောင်စီဝန်ထမ်းတို့ကိုလည်း စစ်မှုထမ်းဆင့်ခေါ်နိုင်ကြောင်း နည်းဥပဒေ ကျွမ်းကျင်သူတို့က သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် စစ်မှုထမ်းဥပဒေ သတ်မှတ်ချက်အရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများအတွက် ပြည်ပ၌ အလုပ်အကိုင်ရန် စာချုပ်ချုပ်ဆိုမှုတို့ကို ရက်အကန့်အသတ်မရှိ ရပ်နားထားသည်ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီနှင့် အလုပ်သမားညွှန်ကြားရေးမှုးတို့ကြား သဘောတူထားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ထို့ကြောင့် မွန်ပြည်နှင့် ကရင်ပြည်နယ်တို့မှ အထောက်အထားမဲ့မြန်မာလုပ်သားများ ဘုရားသုံးဆူနယ်စပ်မှတဆင့် တရားမဝင်ဝင်ရောက်မှု တဖန်ပြန်တိုးလာနေပြီး ပြီးခဲ့သည့် ဇန်နဝါရီနောက်ဆုံးအပတ်အတွင်း ထိုင်းနိုင်ငံ စံခရလပူရီနှင့် ကန်ချနပူရီနယ်အာဏာပိုင်တို့ထံ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။
IMNA ပေးပို့သည်။