စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂဒေသ လဟယ်မြို့တွင် ဒေသခံများအား နေ့စားခပေးပြီး ပြည်သူ့စစ်သင်တန်း တက်ခိုင်းနေသည့်အပြင် ဝန်ထမ်းများလည်း သေနတ်ပစ်သင်တန်း တက်နေရသည်ဟု မြို့ခံများက ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသခံပြည်သူများအား နေ့စားခ ကျပ် ၇၀၀၀ စီ ပေးကာ ပြည်သူ့စစ်သင်တန်း တက်ရန် စာရင်းကောက်နေပြီး ဌာနဆိုင်ရာ ဝန်ထမ်းများမှာလည်း သေနတ်ပစ်သင်တန်း တက်နေကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကျနော်တို့ ရပ်ကွက်ထဲက အမျိုးသမီးမပါဘူး ယောက်ကျားပဲပေါ့၊ ရပ်ကွက်က ပြည်သူတွေကိုကျတော့ ပြည်သူ့စစ်သင်တန်းပေါ့။ ဝန်ထမ်းကိုကြတော့ စစ်သင်တန်းပေါ့။ မဖြစ်မနေ တက်ရမယ်ပေါ့။ ရပ်ကွက်က လူတွေကျတော့လည်း ပြည်သူ့စစ်သင်တန်းကို တက်ရမယ်ပေါ့။ အဲ့လိုမျိုး တော်တော်များများက မတက်ချင် ပါဘူး။ သူတို့ လူလိုက်ရှာနေတာ မရဘူး ပြောသံကြားတယ်။ နေ့စားခ တစ်ရက်ကို ၇၀၀၀ ပေးမယ်လို့ ပြောတယ်။ ဝန်ထမ်းတွေတော့ ရလား မသိဘူး။ ရပ်ကွက်ထဲက ခေါ်တဲ့ဟာကျတော့ နေ့စားပုံစံမျိုးနဲ့ တစ်ရက် ၇၀၀၀ ပေးမယ် လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသား၊ အမျိုးသမီးအားလုံး ပြည်သူ့စစ်သင်တန်းတက်ရန် ခေါ်နေခြင်းဖြစ်ကြောင်း သို့သော် ကလေးမိခင်များ တက်ရန် မလိုဟု ၎င်းက ဆက်ပြောသည်။
လဟယ်ဒေသခံက “ဝန်ထမ်းတွေကို စစ်သင်တန်း ၂ ပတ် တက်ခိုင်းတယ်။ ကျားက အသက် ၅၀ အောက်၊ မ က အသက် ၄၀ အောက် အကုန်တက်ရတယ်။ ကလေးမိခင် မပါဘူး။ နို့တိုက်မိခင် မပါဘူး။ တက်နေကြတယ်လေ မပြီးသေးဘူး။ ဒီဇင်ဘာ ၁၂ ရက်နေ့ ပြီးမယ် ပြောတယ်။ ရပ်ကွက်ထဲမှာလည်း တစ်ရပ်ကွက်ကို ၁၀ ဦးစီး တက်ခိုင်း နေတယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပေါင်းပြီးတော့မှ တက်ခိုင်းဖို့ စာရင်းလိုက်ကောက်နေတယ်” ဟု ပြောသည်။
ယင်းသင်တန်းကို ခလရ ၂၇၂ လဟယ်၊ စစ်ကောင်စီတပ်ရင်းထဲတွင် သင်ကြားပေးနေပြီး လဟယ်မြို့တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိရာ ပြည်သူ့စစ်သင်တန်းအတွက် တစ်သုတ်လျှင် အယောက် ၄၀ သင်ကြားရမည့် အဆိုပါ ပြည်သူ့စစ်သင်တန်းအား ဒေသခံများအနေဖြင့် ကန့်ကွက်ထားကြောင်း လဟယ်ဒေသခံက ဆက်ပြောသည်။
“ဒေသခံတွေကတော့ ရပ်ကွက်ထဲက တော်တော်များကတော့ ဒါမဖြစ်သင့်တဲ့ဟာ လုပ်နေတာပေါ့။ ကျနော်တို့ ဒေသက ဘာပဲဖြစ်ဖြစ် အဆင်ပြေနေတဲ့ ကိစ္စကို သူတို့လုပ်မှ ပိုပြီး စိန်ခေါ်သလို ရန်တိုက်ပေးနေလိုများ ဖြစ်နေမလားဆိုပြီး ပြောကြတယ်။ သင်ပေးနေတာကတော့ အဲ့တပ်ရင်းကလူတွေပဲလို့ သိရတယ်။ ဌာနဆိုင်ရာက ဆိုရင် သေနတ်ကို ဘယ်လိုပစ်ရတယ်။ သေနတ်ကို ဘယ်လိုကိုင်ရတယ်လို့ အဲ့လိုမျိုးတွေ သင်ပေးတယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။
ပြည်သူ့စစ်သင်တန်းအတွက် စတင် စာရင်းကောက်နေသည့်အပြင် စစ်သင်တန်းကို နိုဝင်ဘာလ တတိယပတ် ကတည်းက သင်ကြားပေးနေခြင်း ဖြစ်သည်ဟု နာဂလူငယ်တစ်ဦးက ပြောသည်။
“အခုဝန်ထမ်းတွေ မတက်မနေ တက်နေကြတယ်။ နေ့တိုင်း အသံတွေကြားနေရတယ်။ ဒီနေ့မှ အသံတွေ တိတ်သွားတယ်။ ရက်တိုင်း တက်နေကြတယ်လေ။ အရပ်သားပြည်သူတွေတော့ အခု မပါသေးဘူး။ တပ်တွင်းမှာ သင်တန်းပေးနေတယ်လို့တော့ သိရတယ်” ဟု အဆိုပါလူငယ်က ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက နာဂဒေသသည် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဘဲ ယနေ့အချိန်ထိ အေးချမ်းနေသည့် ဒေသတစ်ခုဖြစ်သည်။ ထိုသို့ အေးချမ်းနေသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်သင်တန်းနှင့် ပြည်သူ့စစ်သင်တန်းတက်ရန် ဒေသခံပြည်သူများကို ဖိအားပေးနေသည်ဟု ဆိုကြ သည်။
လဟယ်မြို့သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဒေသဦးစီးအဖွဲ့ရုံးစိုက်ရာမြို့ဖြစ်ပြီး ၂၀၁၉ ခုနှစ် သန်းခေါင် စာရင်းအရ လူဦးရေ ၅ ထောင် နီးပါးရှိသည့်မြို့ ဖြစ်သည်။
NMG ပေးပို့သည်