နမ့်ဖတ်ကာတွင် KIA မှ လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဖွင့်လှစ်

0
147
Photo – Laiza TV

သျှမ်းပြည်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIO/KIA မှ လူဝင်မှု ကြီးကြပ်ရေးရုံး ဖွင့်လှစ်လိုက်ကြောင်း နမ့်ဖတ်ကာဒေသခံများထံမှ စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း KIA သိမ်းပိုက်ထားသည့် နမ့်ဖတ်ကာကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေး လဝကရုံးဖွင့်ပွဲကို  ဇွန်လ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူလူထုနှင့် KIO/KIA တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။

နမ့်ဖတ်ကာကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက “ဖွင့်ပွဲလုပ်တာ ဟုတ်တယ်။ KIO က လေ့ကျင့်ထားတဲ့ လဝက ဝန်ထမ်းတွေ ရုံးထိုင်မှာပေါ့။ နမ့်ဖတ်ကာကို KIA သိမ်းပြီးနောက်ပိုင်း ဒေသခံတွေပါတဲ့ အုပ်ချုပ်ရေး ချလာတာ ၅ လ လောက် ရှိတော့မယ်။ လဝကလည်း ရုံးဖွင့်တယ်ဆိုတာ အရင်ကလည်း ရှိပြီးသားပါ” ဟု ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ် (KIA) တောင်ပိုင်းတိုင်းဒေသတွင် ပြီးခဲ့သည့် ၂၀၂၂ ဇွန်လ ၁၇ ရက်မှ စတင်၍ လူဝင်မှုကြီးကြပ်ရေးရုံးများ စတင်ဖွင့်လှစ်ခဲ့ပြီး မုံးကိုးနှင့် ကွတ်ခိုင်မြို့များမှ ပြည်သူ ၃၀၀၀ ကျော် ကိုလည်း မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဖြစ်သည့် LAIZA TV သတင်းတွင် ဖော်ပြ ပါရှိသည်။

နမ့်ဖတ်ကာကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခလရ – ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ် KIA က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံတိုင်းရင်းသားလူမျိုးများ ပါဝင်သည့် အုပ်ချုပ်ရေး ပုံစံဖြင့် လည်ပတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“နမ့်ဖတ်ကာမှာတော့ အရပ်ဘက်အုပ်ချုပ်ရေးပေါ့၊ အဲ့ဒါ စနေတာကြာပြီ။ KIA ကတော့ လုံခြုံရေးလောက်ပဲယူမှာ။ ကျန်တဲ့အုပ်ချုပ်ရေးတို့ ဘာတို့ဆိုတာကတော့ အကုန်လုံး ပြည်သူလူထုထဲကပဲ အရပ်ဘက်ကပဲ ဖြစ်တယ်။ အဲ့မှာတော့ ဒေသခံတွေပေါ့၊ လီဆူ၊ ကချင်၊ ပလောင်၊ ရှမ်း၊ ဗမာ ပါတယ်၊ တရုတ်ပါတယ် အဲ့လိုမျိုးပေါ့” ဟု နမ့်ဖတ်ကာဒေသခံအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် ကချင်ပြည်နယ်နှင့် သျှမ်းပြည်မြောက်ပိုင်းတွင် တပ်မဟာ (၁၀) ခု ထိ ရှိထားပြီးဖြစ်သည့် ကချင်လွတ်လပ်ရေးတပ် KIA သည် ဇွန်လ ၁၄ ရက်တွင် တပ်မဟာ (၁၁) ဖွင့်ပွဲ အခမ်းအနားကို နောင်မွန်ရွာတွင် ကျင်းပခဲ့ပြီး အူလောင်းပါနှင့် ရွှေကူဒေသ အပါအဝင် KIA အမှတ် (၁၂) နှင့် (၂၇) တပ်ရင်းများဖြင့် ဖွဲ့စည်းထား ကြောင်း ဇွန်လ ၁၅ ရက် LAIZA TV သတင်းတွင် ဖော်ပြခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here