သျှမ်းပြည်၊ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲ တစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့တာကြောင့် ကျောင်းဆရာ၊ ဆရာမ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နမ့်ဆန်၊ မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့သူများမှာ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) မှ ကျောင်းဆရာ ၂ ဦးနှင့် ဆရာမ ၃ ဦးတို့ဖြစ်ပြီး၊ အမျိုးသမီး ၄ ဦး အပါအဝင် စုစုပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း TNLA တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၇ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲ ခဲ့တာကြောင့် မြို့သစ်ကျေးရွာရှိ စာသင်ကျောင်းနှင့် လူနေအိမ်များပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆရာ၊ဆရာမ ၅ ဦး သေဆုံးခဲ့ရသည်ဟု TNLA သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်ကလည်း စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချခဲ့တာကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး နေအိမ် ၂၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း နမ့်ဆန်ဒေသခံများက ပြောဆိုသည်။
ယခုလို စစ်ကောင်စီက လေကြောင်းနှင့် ထပ်မံဗုံးကြဲမှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် ၇ လုံးလည်း ကျည်စများထိမှန်ပြီး ပျက်စီးခဲ့ကြောင်း TNLA သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း နမ္မတူမြို့နယ်ရှိ မန်ဆာကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူနေအိမ် ၁၄ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိချိန်တွင် နမ့်ဆန်မြို့နယ်အတွင်း ဖုန်းလိုင်းနှင့် ဆက်သွယ်ရေးကွန်ရက်များ ဖြတ်တောက်ခံထားရပြီး “၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်ကာလတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးပြီး ၃၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံများထံမှ သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။