နမ့်ခမ်းမြို့ပေါ်၌ စစ်ကောင်စီလေယာဉ် ၆ စီးဖြင့် အင်အားဖြည့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦး ထိမှန်သေဆုံး

0
263

သျှမ်းပြည်၊ နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းလျက်ရှိပြီး၊ လေယာဉ် ၆ စီးဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၁ ဦး သေဆုံးသွားကြောင်း နမ့်ခမ်း‌ဒေသခံများထံမှ စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၁၁ ရက် ညအချိန်မှ စ၍ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို တအာင်း (ပလောင်)တပ်ဖွဲ့ TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်မှ ဒီဇင်ဘာ ၁၂ ရက် တွင် အင်အားထပ်မံ ဖြည့်တင်းလာပြီး လေယာဉ် ၆ စီးဖြင့် နမ့်ခမ်းမြို့ပေါ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ ကြောင်း နမ့်ခမ်း‌ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း နမ့်ခမ်းမြို့ ကောင်းဆာကျေးရွာမှ အသက် ၆၀ အရွယ်ရှိ လုံးလှအောင်ဆိုသူသည် ဗုံးစထိမှန် သေဆုံးသွားကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၃ စီးနဲ့ အင်အားဖြည့်နေတာ ဟက်စကီးလည်း လာတယ်၊ ဂျက်ဖိုက်တာလည်း လာတယ်၊ Mi-35 ရော ပါတယ်။ ဗုံးကြဲနေတာနဲ့ဆိုရင် စုစုပေါင်း ၆ စီး လောက်တောင်မှ လာတယ် ဒီနေ့ တစ်ရက်တည်းကို။ နေ့လယ် ၁၂ နာရီ ၁ နာရီ လောက်တုန်းက ကြမ်းတယ်လို့ ပြောရမှာ” ဟု နမ့်ခမ်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက် ည ၇ နာရီခွဲ အချိန်ခန့်ကလည်း နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက်ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံး ထက်မနည်း ထိခိုက်ပျက်စီး ခဲ့ကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် တရုတ်-မြန်မာ နယ်စပ်ရှိ နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန် TNLA တပ်ဖွဲ့က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်လျက် ရှိနေသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော် ကာလအတွင်း နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း ဗုံးကြဲမှုကြောင့် အမျိုးသမီး ၆ ဦးနှင့် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း ၁၆ ဦး သေဆုံးပြီး ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ် ၂၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း နမ့်ခမ်းမြို့စစ်ဘေးရှောင် ကူညီသူများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here