စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ နန့်ဆီးအောင် စစ်ကောင်စီတပ်ဂိတ်စခန်းကနေ စက်သုံးဆီကားများကို ကချင်ပြည်နယ်အတွင်း ဝင်ခွင့်မပြုဘဲ ပိတ်ဆို့ထားသည်မှာ ရက်ပေါင်း ၂၀ ခန့်ကြာရှိလာသောကြောင့် ဆီဘောက်ဆာတင်ကား အစီး ၁၀၀ ကျော်က စောင့်ဆိုင်းပိတ်မိနေဆဲဖြစ်သည်ဟု ဒေသခံများနှင့် ဆီကုန်သည်များက ပြောသည်။
ယင်းသို့စစ်ကောင်စီတပ်က နန့်ဆီးအောင် တပ်ဂိတ်စခန်းကနေ စက်သုံးဆီကားများကို ပိတ်လိုက်သည့်နောက်ပိုင်း စက်သုံးဆီဈေးနှုန်း ၄ ဆခန့်အထိ စျေးနှုန်းမြင့်တက်သွားပြီး လက်ရှိတွင် စက်သုံးဆီတစ်ဂါလံကို ၂ သောင်းခွဲအထိ ပေးဝယ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။
ထိုသို့ နန့်ဆီးအောင်ဂိတ်၌ စက်သုံးဆီကားများ ပိတ်ဆို့ခံထားရတာကြောင့် မိုးညှင်း၊ မိုးကောင်း စသည့် မြို့နယ်တကြောက စက်သုံးဆီရောင်းဝယ်သည့် ကုန်သည်များက ကယ်ရီသမားများနှင့် တဆင်ခံ ဆီပြန်လည်သယ်ယူပြီး ရောင်းချပေးနေကြသည်ဟု နန့်ဆီးအောင်ဂိတ်ဝန်းကျင်၌ နေထိုင်သည့်ဒေသခံတစ်ဦးက ပြောသည်။
“အခုက အောက်ပိုင်းဘက်ကနေ တက်လာတဲ့ ဆီကားတွေကို ကချင်ပြည်နယ်ဘက်ကို လုံးဝ ဝင်ခွင့်မပေး တော့ဘူး။ အဲဒါကြောင့် ကယ်ရီသမားတွေက နန့်ဆီးအောင်ဂိတ်အထိလာပြီး လာသယ်ယူနေကြတာ တစ်ပတ် လောက်ရှိလာပြီ။ အဲဒီကယ်ရီသမားတွေကပဲ မိုးညှင်း၊ မိုးကောင်း တကြောက ဆီဆိုင်တွေဆီ ပြန်ပို့ပေးတာ။ တစ်ပုံးသယ်ပေးရင် ဘယ်လောက်ဆိုပြီး သယ်ခိုင်းနေကြတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ နောက်ပိုင်းကစ၍ မန္တလေးဘက်ကနေ တက်လာသည့် ဆီးဘောက်ဆာကားများကို ကချင်ပြည်နယ်ထဲသို့ တင်သွင်းသယ်ယူခွင့်မပြုဘဲ ပိတ်ဆို့ထားတာ ရက်ပေါင်း၂၀ လောက် ကြာမြင့်လာပြီဟု ၎င်းက ဆက်ပြောသည်။
မိုးညှင်း၊ မိုးကောင်း မြို့နယ်များကနေ နန့်ဆီးအောင်ဂိတ်အထိ ဆီလာရောက်သယ်ယူသည့် ဆိုင်ကယ်ကယ်ရီမှာ တစ်ရက်လျှင် အစီး ၆၀ ခန့်အထိ ပုံမှန်တက်နေပြီး မိုးညှင်းမြို့နယ် လမ်းတကြောရှိ ပြည်သူများကို ပြန်လည်ရောင်းချပေးနေသည်ဟု ဆိုသည်။
တဖက်တွင်လည်း စက်သုံးဆီသယ်ယူကြသည့် ဆိုင်ကယ်ကယ်ရီသမားများကို မိုးညှင်းလမ်းတကြောရှိ စစ်ကောင်စီတပ်ဂိတ်များကနေ ဆိုင်ကယ်တစ်စီးလျှင် ကျပ် တစ်သောင်း၊ နှစ်သောင်း ပေးမှသာ သွားလာခွင့် ပြုနေသည်ဟုလည်း အဆိုပါဒေသခံက ပြောသည်။
“ဆိုင်ကယ်တစ်စီးမှာ ဆီတစ်ပေပါလောက်တော့ တင်နိုင်တယ်။ ဆီလာသယ်တဲ့ ကယ်ရီသမားတွေဆီကနေ နန့်ဆီးအောင်စစ်တပ်ဂိတ်က ဆိုင်ကယ်တစ်စီးဖြတ်ရင် ငွေ တစ်သောင်း၊ နှစ်သောင်း ပြန်ယူတယ်။ ပြီးရင် မော်ဟန်ဂိတ်မှာလည်း အတူတူပဲ၊ စစ်တပ်က ဆီကားတွေကို မဝင်ခိုင်းပေမယ့် ဆီသယ်တဲ့ ကယ်ရီသမားတွေ ဆီကနေ ငွေတော့ပြန်ကောက်တာပေါ့” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်က ကချင်ပြည်နယ်ထဲကို မြစ်ကြီးနား – မန္တလေး ကားလမ်းမကြီးကနေ ဆီသယ်တင်ကားများကို ဝင်ခွင့်မပြုဘဲ ပိတ်လိုက်တာက တရုတ်နယ်စပ်မှ တင်သွင်းရန် စစ်ကောင်စီတပ်နှင့် တရုတ်အစိုးရ သဘောတူညီမှု ရှိထားတာကြောင့် ပိတ်လိုက်တာဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေသည်ကို ကြားသိရသည်။
KNG ပေးပို့သည်။