နတ်သံကွင်းမှကျောက်ကြီးသို့ စစ်ကောင်စီက ရိက္ခာသယ်ပို့စဥ် ပြည်သူပိုင်ပစ္စည်းဥစ္စာများပါ ခိုးယူနေ

0
165
Photo - CJ

စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည့် နတ်သံကွင်းမြို့မှ ကျောက်ကြီးမြို့နယ်သို့ စစ်ကောင်စီက တောလမ်းဖောက်လုပ်၍ ရိက္ခာ သယ်ပို့စဥ် ထိုလမ်းတလျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူသယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

မတ်လနောက်ဆုံးပတ်အတွင်းက စစ်တောင်းမြစ်တဖက်ကမ်းမှ နတ်သံကွင်းမြို့သို့၊ ထိုမှတဆင့် ကျောက်ကြီး မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရေတွင်းကုန်း၊ အုန်းပင်စု၊ ငနွားဆိပ်၊ အညာဆိပ်၊ ရေလဲ၊ ရွာကြီးအင်း အစရှိသည့် ကျေးရွာများကို ဖြတ်သန်း၍ တောလမ်းဖောက်လုပ် ရိက္ခာသယ်ပို့စဉ်တွင် ထိုရွာများမှ ဒေသခံပိုင် ပစ္စည်းဥစ္စာများကို စစ်ကောင်စီတပ်က ခိုးယူသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကျောက်ကြီးက ကြက်လှောင်အိမ်လိုပဲ ထွက်လို့မရတော့လေ နတ်သံကွင်းကနေမှ ကျောက်ကြီးမြို့ထဲကို တောလမ်းဖောက်ထားတယ်။ ရိက္ခာသယ်တာ မြင်းလားတွေတောင် ပါတယ်။ ကားတွေလည်း ပါတယ်။ ကျောက်ကြီး-နတ်သံကွင်း ကားလမ်းကြတော့ သူတို့ (စစ်ကောင်စီက) ဖြတ်ဖို့မလွယ်ဘူး။ တောလမ်းဘက် ကြတော့ သူတို့လုံခြုံရေး ဝင်ထားပြီး သွားလို့ရတယ်။ ရွာတွေမှာက လူတွေအကုန် ထွက်ပြေးပြီ။ အသွားကို ရိက္ခာတွေတင်တယ်။ အပြန်ကြတော့ အဲဒီရွာထဲတွေမှာကျန်ခဲ့တဲ့ သူများပစ္စည်းတွေ အကုန်လုံးသယ်သွားတာပဲ” ဟု အဆိုပါဒေသခံက ပြောပါသည်။

KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း နှစ်ဖက်တပ်အကြား စစ်ရေးလှုပ်ရှားမှု များကြောင့် နတ်သံကွင်းမှ ကျောက်ကြီးသို့သွားရန် ပုံမှန်အသုံးပြုနေသော ကားလမ်းကို စစ်ကောင်စီက အသုံးမပြုတော့သည့်အပြင် ဒေသခံပြည်သူလူထုအပေါ် ဒိုင်းကာအဖြစ် အသုံးချမှုများကြောင့် တပ်မဟာ (၃) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ဘက်ကလည်း ထိုလမ်းကိုအသုံးမပြုရန် ဒေသခံပြည်သူလူထုကို အသိပေးထားသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေအိမ်စွန့်ခွာထွက်ပြေးရမှုသည် ညောင်လေးပင်ခရိုင် တစ်ခုလုံးတွင် ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ် အထိုင်တပ်စွဲထားသော ကျေးရွာအများစုတွင်လည်း နေအိမ်ဖောက်ထွင်း ခိုးယူခံမှုများရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီက လက်ရှိပြန်လည်စိုးမိုးထားသည့် နတ်သံကွင်းမြို့မှ ထိုသို့တောလမ်းဖောက်လုပ်ပြီး ရိက္ခာသယ်ပို့မှုအပေါ် KNU အနေဖြင့် သိရှိပြီးဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

“စစ်ကောင်စီက တိုးလို့ရလောက်တိုးတာပေါ့။ ကျနော်တို့ဘက်ကလည်း ခဏတဖြုတ် နောက်ဆုတ် ပေးထားတာပါ။ ကျောက်ကြီးဘက်ကို တောလမ်းကနေ ရိက္ခာတွေသယ်နေတာလည်း ကျနော်တို့သိပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတောလမ်းတလျှောက်ရှိ ကျေးရွာများသည် မတ်လအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးသုံး တိုက်ခိုက်မှုများကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ကျေးရွာများဖြစ်ကြောင်း KNU ၏ မတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ နတ်သံကွင်းဒေသတွင် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လပိုင်းက နှစ်ဖက်ထိတွေ့တိုက်ပွဲများနှင့် လေကြောင်းပစ်ကူမှုများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်ရစဥ်ကလည်း မြို့ပေါ်ရပ်ကွက်မှ လူနေအိမ်အများစု နေအိမ်ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့သေးသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here