ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၃) ထိန်းချုပ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်တပ်စခန်းများအား ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့အတွင်း စီးနင်းနေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာ ၂၆ ရက်နေ့ မနက် ၄ နာရီ ဝန်းကျင်ခန့်ကစ၍ နတ်သံကွင်းနှင့် ပဲနွယ်ကုန်းအကြားရှိ စစ်ကောင်စီ၏ ဂိတ်စခန်းနှစ်ခုကို ပူးပေါင်းတပ်များက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နတ်သံကွင်းမြို့အတွင်းရှိ ရဲစခန်းနှင့် ဂိတ်စခန်းများအား ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
နတ်သံကွင်းမြို့ခံအမျိုးသားတစ်ဦးက “နတ်သံကွင်းနဲ့ ပဲနွယ်ကုန်းနားက ဂိတ်နှစ်ခုကို အရင်စီးတာ။ ပြီးတော့မှ မြို့ထဲက ရဲစခန်းနဲ့ တံတားထိပ်ကျင်းပုန်းရယ် ဘုန်းကြီးကျောင်းမှာရယ် တပ်စွဲထားတဲ့နေရာတွေကို ချတာ။ တော်လှန်ရေးတပ်က ရွာထဲမှာပဲ နေမှာပေါ့။ တံတားလုံခြုံရေးဂိတ် ဟိုဘက်တခြမ်း ကျန်သေးတယ်လေ။ အဲဒီက တပ်ကတော့ ဒီဘက်လည်း ဝင်လာမရ၊ ထွက်မရ ပိတ်မိနေတဲ့သဘော ဖြစ်နေတာ” ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီဘက်မှ နတ်သံကွင်းမြို့နှင့် အနီးဝန်းကျင်သို့ လေကြောင်းဖြင့် သုံးကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နတ်သံကွင်းအပိုင်းနှင့် တံခွန်တိုင်းအပိုင်းရှိ အသက်မပြည့်သေးသည့် ကလေးငယ် ၄ ဦး အပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး၊ နီးစပ်ရာစစ်တပ်ဂိတ်စခန်းများမှ လက်နက်ကြီးများဖြင့် လက်ရှိအချိန်ထိ မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောပါသည်။
“ဖြစ်ဖြစ်ချင်းက လေယာဉ်မလာဘူး၊ မိုးလင်းမှလာတာ ပဲနွယ်ကုန်းတပ်နဲ့ ပိန်းဇလုပ်ဘက်က မြို့ထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်နေတာတော့ ရှိတယ်ဆိုပေမဲ့ လေယာဥ်က သုံးခေါက်လောက် လာပြီးကတည်းက ငြိမ်သွားပြီ။ ကလေးတွေထိတာလည်း တကယ်ပဲ တံခွန်တိုင်အပိုင်းဘက်ကဆို ကလေး ၃ ယောက်တောင်မှ ထိတာ။ တချို့ကတော့ ပြေးပေမယ့် တချို့ကတော့ ကျင်းပုန်းထဲ နေနေကြသေးတယ်” ဟု အဆိုပါနတ်သံကွင်း မြို့ခံက ဆက်ပြောသည်။
ပူးပေါင်းတပ်များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှု ရှိမရှိကို မသိရှိရသေးသော်လည်း မြို့အတွင်း ပိတ်မိကျန်ရှိနေသော ဒေသခံများလည်းရှိနေပြီး တိုက်ပွဲထပ်မံ ဖြစ်ပွားမည့် အခြေအနေကို စိုးရိမ်စောင့်ကြည့် နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
အဆိုပါနတ်သံကွင်းမြို့အတွင်း ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းမှု အခြေအနေနှင့် ပတ်သက်၍ KNU ဘက်မှ တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးသလို ကေအဲန်ယူပြောခွင့်ရသူနှင့် ဆက်သွယ်မေးမြန်းချိန်တွင်လည်း တပ်မဟာ (၃) ဘက်မှ သတင်းမရောက်ရှိသေးကြောင်း ပြန်ပြောသည်။
ယခု ဒီဇင်ဘာလပထမအပတ်အတွင်းက ပူးပေါင်းတပ်ဘက်က အင်အားအနည်းစုဖြင့် မြို့အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီ၏ နောက်ဆက်တွဲ တိုက်ခိုက်မှုများ ဖြစ်လာမည်စိုးသဖြင့် မြို့မှစွန့်ခွာ နေထိုင်ကြရန် ပူးပေါင်းတပ်က ဒေသခံများအား သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
KIC ပေးပို့သည်။