ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့အတွင်းသို့ ဇန်နဝါရီ ၇ ရက်နေ့က အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မြို့အတွင်းဝင်ရောက် စစ်ကူပေးလာကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ဒေသခံအမျိုးသားတစ်ဦးက “မြို့ထဲကို အင်အားအလုံးအရင်းနဲ့ တပ်ဘက်ကစစ်ကူတွေ ပြန်ရောက်လာတယ်။ ရဲစခန်းအထိကိုလာတာ၊ ရဲစခန်းက ခံတပ်ကိုလည်း ဆောက်ထားတာ အခိုင်အမာပဲ။ လေယာဥ်နဲ့ ချနေတာတော့ နတ်သံကွင်း တစ်မြို့လုံးကုန်နေပြီ။ လက်နက်ကြီးကတော့ ပိန်းဇလုပ်ဘက်က ဟောင်ဝှစ်ဇာနဲ့လှမ်းပစ်တာ ဒီနေ့တင် ၅ လုံး လောက်ရှိတယ်။ တစ်လုံးကျတာနဲ့ အိမ်ပြိုရင်ပြို မပြိုရင်မီးလောင်တာပဲ၊ မပစ်တာဆိုလို့ သူတို့လူတွေ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ဝင်လာတဲ့ ညနေကပဲရှိတယ်” ဟု ပြောသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့က နတ်သံကွင်းမြို့ အတွင်းအပြင်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီးနောက် နတ်သံကွင်းမြို့ ရဲစခန်းမှအပ နတ်သံကွင်းတစ်မြို့လုံးကို ထိန်းချုပ်နေရာယူထားပြီ ဖြစ်သည်။
ရဲစခန်းဝင်းအတွင်း ခံတပ်အခိုင်အမာ တည်ဆောက်၍ ပြန်လည်ခုခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိနေသောကြောင့် ဆက်လက်သိမ်းပိုက်နိုင်ရန် KNLA ပူးပေါင်းတပ်များက ကြိုးပမ်းနေစဥ်တွင် စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီးသုံး ပစ်ခတ်မှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်းတွင် နတ်သံကွင်း-ပဲနွယ်ကုန်း ဘေလီတံတားမှ စစ်ကူဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အတူ စစ်ကောင်စီက တိုက်ပွဲရက်များအတွင်း နတ်သံကွင်းရှိ ၎င်းတို့၏တပ်ဖွဲ့ဝင်များအတွက် ရိက္ခာနှင့် ခဲယမ်းအကူအညီများအား လေကြောင်းဖြင့် လာရောက်ချထားပေးခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်နှင့် ကေအဲန်ယူ-ဗဟို၏ ဇန်နဝါရီ ၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒေသခံ၏ပြောပြချက်အရ မြို့အတွင်း၌ KNLA ပူးပေါင်းတပ်၏ တပ်ဖွဲ့ဝင်များ ရှိနေသေးသလို နတ်သံကွင်းမြို့ ရဲစခန်းအား ဆက်လက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသည်ဟု သိရှိရသော်လည်း တော်လှန်ရေး အင်အားစုများဘက်မှ နတ်သံကွင်းမြို့ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ တစုံတရာထုတ်ပြန်သည်ကို မတွေ့ရှိ ရသေးပါ။
စစ်ကောင်စီက နတ်သံကွင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် မြေပြင်၊ ဝေဟင်အနေအထားဖြင့် ကြိုးပမ်းရာတွင် ဒီဇင်ဘာ ၂၆ ရက်နေ့မှ လက်ရှိအချိန်ထိ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှု အလုံးရေပေါင်း ၅၀ ထက်မနည်းနှင့် လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ရေ (၂၀) ကျော် လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KIC ပေးပို့သည်။