ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃)၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းဒေသတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဥ်ခံနေရပြီး တိုက်ပွဲဖြစ်ပွားချိန်မှ လက်ရှိ အချိန်ထိ ဒေသခံများ နေရပ်စွန့်ခွာနေရသည်မှာ ၃ လနီးပါးရှိလာကြောင်း စစ်ရှောင်ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက နတ်သံကွင်းမြို့အတွင်းအပြင်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်နိုင်ရန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ဒေသတွင်းတိုက်ပွဲများ တကျော့ပြန်ပြင်းထန်လာပြီး ဒေသခံထောင်နှင့်ချီ နေအိမ်မှတိမ်းရှောင်နေရခြင်း ဖြစ်သည်။
ယင်းနောက် နေအိမ်ပြန်သူအချို့အား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေသည့်အပြင် တော်လှန်ရေးတပ်များ ရှိနေနိုင်သည့်အထင်ဖြင့် ဒေသအတွင်းသို့ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် နတ်သံကွင်းမြို့တွင်းမြို့ပြင်မှ နေအိမ် အများအပြား ထိခိုက်ပျက်စီးမှုများလည်းရှိကြောင်း နတ်သံကွင်ူမြို့မှ စစ်ဘေးရှောင်လာသူများက ပြောသည်။
“အခုတလောလေးပဲ နတ်သံကွင်း (၇) ရပ်ကွက်တခုလုံး တော်တော်မီးလောင်သွားတယ်။ မြို့ထဲမှာ စစ်တပ်ရှိတော့ ပြန်ဝင်နေဖို့က မလွယ်ဘူး။ မီးက နေ့တိုင်းလောင်တယ်။ နေ့တိုင်း တဗုံးဗုံးတဒိုင်းဒိုင်းနဲ့ ဘာတွေပစ်နေလဲ မသိဘူး။ မြို့ထဲမှာရှိနေတဲ့တပ်က ရပ်ကွက်အစွန်အဖျားထိတော့ မလာရဲဘူး။ တော်လှန်ရေးတပ်ရှိနိုင်တဲ့ နေရာထင်ပြီး မှန်းပြီးပစ်တာနေမယ်။ ကျနော်တို့လည်း အိမ်မပြန်ရတာ သုံးလပြည့်တော့မယ်” ဟု နတ်သံကွင်းမှ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။
ညောင်လေးပင်ခရိုင် တခုလုံးအတိုင်းအတာအဖြင့် စစ်ရှောင် သိန်းချီရှိနေသည့်အတွက် အရပ်ဘက်စစ်ရှောင်ကူ အဖွဲ့များအနေဖြင့် စစ်ရှောင်များ၏ လိုအပ်ချက်ကို လက်လှမ်းမမီနိုင်သလို နတ်သံကွင်းစစ်ရှောင်များသည်လည်း စားသောက်ရေးနှင့် ကျန်းမာရေးအတွက် မိမိတို့အစီအစဥ်ဖြင့်သာ ဖြေရှင်းနေရကြောင်း စစ်ရှောင်များက ပြောသည်။
နတ်သံကွင်းဒေသခံက “ဆေးကတော့ လူကြုံနဲ့ကြိုမှာထားရတယ်။ ပုန်းလျှိူးကွယ်လျှိုးတော့ သယ်ရတာပေါ့။ စစ်ဆေးရေး ရှောင်တခင်ဝင်စစ်တယ်။ အခုနောက်ပိုင်းက အမြဲတမ်းဂိတ်မှာ မထိုင်ဘူး။ လူတွေကလည်း ကိုယ့်အဆက်အသွယ်နဲ့ ချိတ်ပြီးတော့ ဂိတ်နည်းနည်းချောင်ရင် စိတ်ကြိုက်ဝယ်ထား အဲ့လိုလုပ်နေရတယ်” ဟု ၎င်းက ပြောသည်။
ထို့အတူ မုန်းမြို့နယ်အတွင်းရှိ ရေလဲ၊ နောင်ကုန်း၊ မရမ်းစိန်ကြီး၊ မရမ်းစိန်လေး၊ ငနွားဆိတ်၊ အညာစု၊ အုန်းပင်စု အစရှိသည့် ကျေးရွာများသို့ မတ်လ ၄ ရက်နေ့ မှ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ် သည့်အပြင် ဒရုန်းနှင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံး၍ ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ကျေးရွာ ၁၈ ရွာမှ လူဦးရေ ၂ သောင်း နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
KNU အုပ်ချုပ်နယ်မြေများတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူ စုစုပေါင်း ၇ သိန်းကျော် ရှိနေပြီး ၎င်းတို့အနက် စစ်ရှောင်ဦးရေ ၂ သိန်း ၄ သောင်းကျော်ရှိသည့် ညောင်လေးပင် ခရိုင်တွင် စစ်ဘေးရှောင် အများဆုံးဖြစ်ကြောင်း KNU နှင့် ကရင်အရပ်ဖက်အဖွဲ့များ၏ မှတ်တမ်းကောက်ခံမှုများအရ သိရသည်။
KIC ပေးပို့သည်