ဓနု တော်လှန်ရေးတပ်ဖွဲ့ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်

0
382

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) မှ မဟာမိတ်များနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

DPLF အနေဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ယနေ့အချိန်ထိ စဉ်ဆက်မပြတ် ပါဝင်ခဲ့ပြီး ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲ စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်၏ အခြေစိုက်စခန်းများကို ထိုးစစ်ဆင်နိုင်ခဲ့သည်ဟု ဆိုသည်။

DPLF ပြန်ကြားရေးတာဝန်ခံ ကိုထွန်းထွန်းနိုင်က “ဒီစစ်ဆင်ရေးကတော့ အားလုံးသိတဲ့အတိုင်းပဲ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ အနေအထားမှာ ဖြစ်သွားတယ်။ ကျနော်တို့အနေနဲ့တော့ ထွေထွေထူးထူး မစဉ်းစားတော့ဘူးပေါ့။ ဘာလို့လဲဆိုရင် မြောက်ပိုင်းမဟာမိတ် ညီနောင်တွေနဲ့အတူ အခုလိုမျိုး ပါဝင်ခွင့်ရတာကိုပဲ အတွေ့အကြုံ အများကြီးရတယ်။ ကျန်တဲ့အဖွဲ့တွေလည်း အများကြီးပဲ။ သူတို့ပူးပေါင်းပြီးတော့ ပါဝင်ချင်ကြမှာပဲလေ။ ကျနော်တို့ကျတော့ မြေပြင်မှာတသားတည်း ပါဝင်နေရတာပေါ့နော်။ အဲဒီအတွက်ကိုတော့ ကျနော်တို့ အများကြီး စဉ်းစားစရာမလိုဘူးပေါ့” ဟု ပြောသည်။

DPLF အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသများတွင် စစ်မျက်နှာဖွင့်ထားသည့်အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း အထိုင်တပ်ရင်းတစ်ခုရှိသောကြောင့် အထူးတစ်လည် ညှိနှိုင်းရန်မလိုပဲ ပူးပေါင်းပါဝင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲများထဲ DPLF ဘက်မှ အကျအဆုံးစာရင်း မရှိသေးသလို ထိခိုက်ဒဏ်ရာ ရသူများလည်း မရှိ သေးဘူးဟု ဆိုသည်။

“ကျနော်တို့ ဓနုဒေသမှာလည်း ပြောက်ကျားလုပ်တာတွေ၊ မိုင်းဆွဲတာတွေ ရှိတယ်။ ပြီးရင် ဒီမြောက်ပိုင်း မဟာမိတ်နဲ့လည်း စစ်ဆင်ရေးမှာ ပါဝင်နေတယ်ဆိုတာ အားလုံးလည်း သိနေကြပြီဆိုတော့ ပြည်သူတွေအနေနဲ့ လည်း ကျနော်တို့ဓနုပြည်နယ် ဖော်ဆောင်တဲ့နေရာမှာ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့လည်း ပြောချင်တယ်” ဟု ကိုထွန်းထွန်းနိုင်က ဆက်ပြောသည်။

၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်များကို တိုက်ခိုက်သည့် စစ်ဆင်ရေး ဖြစ်ပြီး တော်လှန်ရေး အင်အားစုများဘက်မှ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ ဦးဆောင်မှုနှင့်အတူ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့သော ဒေသတွင်း ကာကွယ်ရေးတပ်များလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေကြသည်။

ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံကြိုဆိုသည့်အနေဖြင့် ကရင်နီပြည်တွင်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ပြီး ၁၁.၁၁ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့် အတူ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို တပြိုက်နက်တည်း ပါဝင်အကောင်အထည် ဖော်ရမည့်အချိန်ဖြစ်ပြီး ထိုအခွင့်အရေးကို လက်လွှတ်မခံဖို့ လိုအပ်သည်ဟု ပြောဆိုထားတိုက်တွန်းထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here