ဒေါ့ဖုန်းယန် စစ်ရှောင်အမျိုးသမီးများ အမျိုးသမီးအသုံးဆောင်များ ကူညီထောက်ပံ့မှုလိုအပ်နေ

0
258
ပုံစာ - ဒေါ့ဖုန်းယန် စစ်ရှောင်အမျိုးသမီးတချို့ကို စစ်ရှောင်စခန်းတွင်တွေ့ရစဉ်။

ကချင်ပြည်နယ် မြစ်ကြီးနား– ဗန်းမော် လမ်းပိုင်းတလျှောက်တိုက်ပွဲကြောင့် ဒေါ့ဖုန်းယန်စစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ရေချိုးခန်း၊ အိမ်သာ လုံလောက်မှု မရှိတဲ့အပြင် စစ်ရှောင် အမျိုးသမီးတွေမှာလည်း အမျိုးသမီးအသုံးအဆောင် မရှိတဲ့အတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ပြောသည်။

စစ်ရှောင်များသည် ဒေါ့ဖုန်းယန် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းထဲ၌ ၂ လ ကျော်ကြာ တိမ်းရှောင် နေကြရပြီး အထူးသဖြင့် အမျိုးသမီးစစ်ရှောင်တွေအတွက် လစဉ်သုံးပစ္စည်းတွေ ကူညီထောက်ပံပေးဖို့ လိုအပ်နေတယ်လို့ ဒေါ့ဖုန်းယန် စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောပါသည်။

“အဓိက လိုအပ်နေတာက ရေချိုးခန်း၊ အိမ်သာ အခက်အခဲရှိတယ်။ အမျိုးသမီးနဲ့ အမျိုးသားတွေဆိုပြီး ခွဲခြားထား တာရှိပေမယ့် ရေချိုးခန်းမလောက်တော့ ရေအတူချိုးလိုက်ရတဲ့ အခြေအနေတွေလည်း ဖြစ်နေတယ်။ နောက်ပြီး အမျိုးသမီးတွေရဲ့ လစဉ်သုံးပစ္စည်းတွေနဲ့ အခြားအမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်” ဟု အဆိုပါတာဝန်ခံက ပြောသည်။

စစ်ရှောင်များဟာ နေရာထိုင်ခင်း အခက်အခဲကြောင့် အဆောက်အဦး တစ်ခုထဲမှာပဲ မိသားစု အစုလိုက် အပြုံလိုက် တိမ်းရှောင်နေကြရတာ ဖြစ်တဲ့အတွက် အရွယ်ရောက်တဲ့ အမျိုးသမီးငယ်တွေ အတွက်လည်း နေ့စဉ် လူမှုနေထိုင်ရေးမှာ အခက်အခဲ ဖြစ်နေရတယ်လို့ စခန်းတာဝန်ခံက ဆက်ပြောသည်။

“နောက်တစ်ခုက နေရာအခက်အခဲလည်း ဖြစ်တယ်။ အခန်းခွဲပေးတာတွေလည်း မလုပ်ပေးနိုင်သေးဘူး။ အဲ့ကြောင့် အခုက မိသားစုတစ်စုနဲ့ တစ်စု ပေါင်းနေရတယ်။ အဲ့လိုပေါင်းနေတဲ့ အခါကြတော့ အရွယ်ရောက် လာတဲ့ လူငယ်တွေက ရှက်တာတော့ ရှိကြမှာပဲ။ ဒါပေမယ့် ဒီအချိန်မှာက အဆောက်အဦးတွေ ဆောက်နိုင်မယ့် အနေအထားမှာလည်း မရောက်သေးဘူး” လို့ ၎င်းက ဆိုသည်။

စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ၎င်းတို့ကျေးရွာအနီး တဝိုက်တွေမှာ တိုက်ပွဲများ ဖြစ်ပွားလာတာကြောင့် ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ခလား၊ နောင်ဝမ့်၊ ဒိန်ဂျန်နဲ့ ဒိန်ဂျာ စတဲ့ ရွာ ၄ ခုက စစ်ရှောင် အိမ်ထောင်စုပေါင်း တစ်ရာကျော် ရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောသည်။

စစ်ရှောင်များဟာ စစ်ရှောင်ကာလ ၂ လ ကျော် ကြာမြင့်လာချိန်မှာ ထောက်ပံကူညီမှုတွေ မရရှိတဲ့အပြင် အပြင်ထွက်ပြီး အလုပ် လုပ်ကိုင်ခွင့် ပြတ်တောက်သွားတာကြောင့် အစားအသောက်နဲ့ ဆေးဝါးပစ္စည်း အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်များက ပြောဆိုသည်။

စစ်ရှောင်သူတွေထဲမှာ နားမကြားသည့် အသက်ကြီးရွယ်အို ၆ ယောက် ပါဝင်ပြီး၊ စစ်ရှောင် တစ်ရာကျော်မှာ အမျိုးသမီး ၆၀ ကျော် ပါရှိတာကြောင့် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး နေစဉ်လူမှုနေထိုင်ရေးမှာ ပြဿနာ အခက်အခဲ ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောသည်။

ဒါ့အပြင် ဒေါ့ဖုန်းယန်နဲ့ နွယ်လန့်ကြားမှာရှိတဲ့ အူထန်ယန်ကျေးရွာ စစ်ရှောင်ဒေသခံများသည်လည်း နွမ်လန့်ရွာမှာ လာရောက်တိမ်းရှောင်နေကြပြီး လက်ရှိချိန်၌ အလုပ်အကိုင် အခွင့်အလမ်းများ ပြတ်တောက် သွားတဲ့အတွက် အစားအသောက် အခက်အခဲ ဖြစ်နေတယ်လို့ အူထန်ယန်ဒေသခံ အမျိုးသမီးတစ်ယောက်က အခုလို ပြောသည်။

“ဒီကို မတိမ်းရှောင်လာရတုန်းကတော့ ဟင်းသီးဟင်းရွက်တွေ ခူးစား ရောင်းစားတယ်။ ပြီးရင် တောင်ယာ လုပ်ငန်းတွေမှာ လုပ်ရင်းနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြီး နေရတာဟုတ်တယ်။ အခု ပြေးလိုက်ရတဲ့ ၂ လ လောက်က ဝင်ငွေတွေလည်း မရှိတော့ ကုန်စျေးနှုန်းတွေလည်းတက်တော့ တချို့မိသားစုတွေဆိုရင် ဆန်ပြုတ် စားရတဲ့အထိ ဖြစ်တယ်။ အဓိက လိုအပ်နေတာက အစားအသောက်ပါပဲ” လို့ ၎င်းက ပြောပါသည်။

စစ်ရှောင်ပြည်သူများသည် တိုက်ပွဲများ မဖြစ်ခင်က မိမိဒေသနေရပ်တွင် တောင်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင် နေထိုင်ကြကြောင်းနှင့် စစ်ကောင်စီဘက်နေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာအပြင် လူသားဒိုင်း ဖမ်းဆီးခံရမှာကို စိုးရိမ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ ခက်ခက်ခဲခဲ တိမ်းရှောင်နေရဆဲ ဖြစ်သည်။

ဒေါ့ဖုန်းယန်ဒေသတွင် လက်ရှိချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေလို့ ဗန်းမော်ဘက်နေ စစ်အင်အား တိုးချဲ့လာတိုင်း လမ်းတလျှောက် ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် နွမ်လန့်၊ မြို့သစ်၊ အူထန်ယန် စသည့် ကျေးရွာများမှ စစ်ရှောင်တွေဟာ နေရပ်မပြန်နိုင်ဘဲ နှစ်ရှည်တိမ်းရှောင် နေကြရမှာကို စိုးရိမ်နေကြတယ်လို့ ပြောဆိုသည်။

ပြီးခဲ့တဲ့ ဇူလိုင်လက စပြီး စစ်ကောင်စီတပ်ဖွဲ့သည် KIO ဗဟိုဌာနချုပ်ရဲ့ နယ်မြေဖြစ်သည့် နမ်ဆန်ယန်ဘက်ကို ဗန်းမော်၊ မြစ်ကြီးနား ဘက်မှ ကုန်းကြောင်း၊ ရေကြောင်း အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အပြင် လက်နက်ရိက္ခာ အပြည့်တင်ဆောင်လာတာကြောင့် မြစ်ကြီးနား – ဗန်းမော် လမ်းတလျှောက်မှာ တိုက်ပွဲ ဖြစ်ပွားနေတာ ၃ လ ကြာမြင့်လာပြီ ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here