4 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယအစိုးရထံ လွှဲပေးသည့် တာဝန်မဲ့လုပ်ရပ်အတွက် UNHCR India ရုံးကို ဖြေရှင်းအရေးယူပေးရန် အဖွဲ့ ၁၄၁ ဖွဲ့...

ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယအစိုးရထံ လွှဲပေးသည့် တာဝန်မဲ့လုပ်ရပ်အတွက် UNHCR India ရုံးကို ဖြေရှင်းအရေးယူပေးရန် အဖွဲ့ ၁၄၁ ဖွဲ့ တောင်းဆို

အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေအပါအဝင် တခြားခိုလှုံသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယအစိုးရထံ လွှဲပေးခဲ့တဲ့ UNHCR India ရုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်တွေကို ဖြေရှင်းအရေးယူပေးဖို့ မြန်မာပြည်သူလူထုနဲ့ ပြည်တွင်း/ပြည်ပ မြန်မာအဖွဲ့အစည်း ၁၄၁ ဖွဲ့က ဆွစ်ဇာလန်နိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့ ဇူလိုင်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အိတ်ဖွင့်ပေးစာထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ခိုလှုံရန်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်ဟာ UNHCR India ရုံးမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကာ အကာကွယ်တောင်းခံခဲ့ကြပြီး အဲဒီထဲမှာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားခြိမ်းခြောက်မှုခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၊ လူ့အခွင့်ရေးကာကွယ်သူတွေနဲ့ အခြားလုံခြုံရေး အထူးလိုအပ်သူတွေ အများပြားပါရှိခဲ့ပြီး ဒီဒုက္ခသည်တွေရဲ့ လျှို့ဝှက်ရမယ့် ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယအစိုးရထံကို UNHCR India ရုံးက လုံလောက်တဲ့ အကာအကွယ်မရှိဘဲ လွှဲပြောင်းပေးခဲ့တယ်လို့ ပါရှိပါတယ်။

အိန္ဒိယအစိုးရက UNHCR India ရုံးထံက ရရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး မြန်မာနိုင်ငံသား ၂၆၁ ဦးကျော်ကို နိုင်ငံခြားသားဥပဒေဖြင့် ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး ၆ ဦးမှာ အကျဉ်းထောင်တွင်းမှာဘဲ ကလေးမွေးဖွားခဲ့ရသလို အမျိုးသား ၂ ဦးဟာလည်း အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရတယ်လို့ အိတ်ဖွင့်ပေးစာထဲမှာ ပါရှိပါတယ်။

ဒါ့အပြင် လူပေါင်း ၁၃၄ ဦးခန့်ကို မြန်မာစစ်ကောင်စီလက်ထဲကို ပြန်ပို့ဆောင်ခဲ့တာတွေရှိခဲ့ပြီး အဲဒီလို စစ်ကောင်စီလက်ထဲပြန်ပို့ခံရတဲ့ထဲကနေ အမျိုးသမီးနဲ့ ကလေးငယ်အပါဝင် ၃၄ ယောက်ကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားခြင်းခံရတယ်လို့ပါရှိပြီး တခြား ရိုဟင်ဂျာဒုက္ခသည် ၄၀ ဦးခန့်ဟာလည်း အိန္ဒိယအစိုးရက UNHCR India ရုံးကရတဲ့ အချက်အလက်တွေနဲ့ နေအိမ်တွေထိ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံပြန်ပို့ခဲ့တဲ့ ဖြစ်စဉ်တွေ အိတ်ဖွင့်ပေးစာထဲ ပါရှိပါတယ်။

UNHCR ဟာ ဒုက္ခသည်တွေရဲ့ နောက်ဆုံးမျော်လင့်ချက်နှင့် အားကိုးရာဖြစ်ပြီး အဲဒီမျော်လင့်ချက် ပျက်သုဉ်းမသွားစေရန် ဒုက္ခသည်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ရန်အတွက် အဆင့်မြင့်မင်းကြီးအနေနဲ့ အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ပေးဖို့ အမည်မဖော်လိုတဲ့ အရပ်ဘက်လူထုအဖွဲ့အစည်း (၅) ဖွဲ့အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း (၁၄၁) ဖွဲ့က ပူးတွဲပေးပို့ခဲ့တာဖြစ်ပါတယ်။

Chin World