ဒီးမော့ဆို စစ်ရှောင်စခန်းများ ရေရှားမှု ကြုံနေကြရ

0
107
Photo - Zaw Min Htike

ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအများစု ရေရှားပါးသည့်အခက်ခဲနှင့် ရင်ဆိုင်ကြုံနေကြရသည်ဟု စစ်ဘေးရှောင်များနှင့် အကူအညီပေးနေသည့်အသင်းအဖွဲ့များက ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အများစုသည် ရေရရှိရန်ခက်ခဲတာကြောင့် အကန့်အသတ်ဖြင့်သာ သုံးစွဲကြရသည်ဟု ကရင်နီလူသားချင်းစာနာထောက်ထားမှုအသင်း (KHT) မှ ဦးရန်နှောင်ဟိန်းက ပြောသည်။

“လူဦးရေများလာတဲ့အခါကြတော့ ကျနော်တို့ရေသွားလှူတဲ့အချိန်မှာ ကော်မတီတစ်ဦးကတော့ သူပြောပြတယ် ပေါ့နော်။ တစ်ပတ်ကို ပုံးဝါပဲဆီပုံးနဲ့ တစ်ပတ်ကို ၃ ပုံး အဲ့လောက်ထိပဲ သုံးခွင့်ပေးတယ်ပေါ့နော်။ ရေမလုံလောက် တာနဲ့ ပတ်သက်လို့ရှိရင် အဝတ်တွေလျှော်တာတို့ ဘာတို့ ကျနော်တို့ ပိတ်ပင်လိုက်တယ်ပေါ့နော်။ အဝတ်လျှော် တာ ရေအဆင်ပြေမှ အလှူရှင်လာမှ အဝတ်လျှော်ခွင့်ပေးတာမျိုးတွေ လုပ်ပေးနေရတယ်ပေါ့နော်။ ပြီးတော့ဆိုရင် ပန်ကန်ဆေး ထမင်း၊ဟင်းချက် အဲ့သလောက်လောက်ပဲ သုံးခွင့်ရှိတယ်ပေါ့။ အဲ့လိုမျိုး သုံးခွင့်ပေးတဲ့အခါကြတော့ သူတို့အတွက် ရေလုံလောက်မှုက အရမ်းကိုခက်ခဲတယ်” ဟု ဦးရန်နှောင်ဟိန်းက ပြောသည်။

ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် စစ်ရှောင်လူဦးရေပိုများလာသည့်အပြင် စက်သုံးဆီးဈေးနှုန်း မြှင့်တက်လာမှုတို့ကြောင့် သောက်သုံးရေအခက်အခဲက ပိုမိုဆိုးရွားနေသည်ဟု ကရင်နီလူသားချင်း စာနာထောက်ထားမှုအသင်း (KHT) က ဆိုသည်။

ရေပို့ဆောင်ခအတွက် ကားတစ်စီးလျှင် ၅၀,၀၀၀ ကျပ်နှင့် ထော်လာဂျီတစ်စီးလျှင် ၂၀,၀၀၀ ကျပ် ပေးရသည်ဟု ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါသည်။

“ဒီဘက်မှာတော့ ရေတော့ ရှားတယ်။ ဒါပေမဲ့ တနေရာနဲ့ တနေရာ မတူဘူး။ တချို့နေရာကြတော့ ရေ လုံးဝမရှိဘူး။ ရေ အဝေးက သယ်ယူရတာပေါ့နော်။ ကားနဲ့ သယ်ယူလို့ရှိရင် ရေက တစ်စီးကို ၅သောင်း ပေးရတယ် ပေါ့နော်။ ထော်လာဂျီနဲ့ဆိုရင် ၂သောင်း အဲ့လိုပေးရတယ်။ တချို့ကြတော့ ကိုယ်ပိုင်စက်တွေရှိတဲ့လူကြ ကိုယ့်ကို ရေရှိတဲ့နေရာထိ သွားသယ်ယူရတာရှိတယ်” အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောသည်။

စစ်ရှောင်များအား ကူညီပေးသည့်အသင်းအဖွဲ့များက သောက်သုံးရေလှူဒါန်းမှုများကို လုပ်ပေးနေကြသော်လည်း စစ်ရှောင်စခန်းများလည်း ပိုမိုတိုးများလာသည့်အတွက် လိုအပ်သူအားလုံးဆီ မရောက်နိုင်သေးဘူးဟု အကူအညီ ပေးနေသူများက ဆိုသည်။

ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက်က “ လက်ရှိကရင်နီရဲ့ စစ်ဘေးရှောင်စခန်း တော်တော်များများပေါ့နော်။ အားလုံးတော့ မဟုတ်ဘူးပေါ့။ ရေရှား ပါးမှုကို ကြုံတွေ့လာရပြီ ဖြစ်ပါတယ်ဗျ။ တချို့တွေကြတော့ ရေချောင်းနဲ့နီးတဲ့လူတွေ တချို့ကြတော့ ရေတွင်း နက်နက်လေးတူးလို့ရတဲ့ နေရာတွေရှိတာပေါ့။ တချို့နေရာက လုံးဝကို ချောင်းရေလည်းမနီး၊ တွင်းရေလည်း မနီးတဲ့နေရာတွေလည်း ရှိတယ်ပေါ့နော်” ဟု ပြောသည်။

ဒီးမော့ဆို အရှေ့ဖက်ခြမ်းသည် အနောက်ဖက်ခြမ်းထက် ရေရရှိရန် ပိုမိုခက်ခဲနေသည်ဟု ဒေသခံ စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်များကိုအကူအညီပေးနေသည့်အဖွဲ့များက ပြောဆိုသည်။

ဦးရန်နှောင်ဟိန်းက“ ဒီးမော့ဆို အရှေ့ခြမ်းဆိုရင် ရေအလှူရှင်ရှိရင်တောင်မှ ကျနော်တို့သွားဖို့ အရမ်းခက်ခဲတယ်။ တခေါက် ကျနော်သွားဖူးတယ်။ ၂၀၀၀ ဂါလံ ကားနဲ့ပေါ့နော်၊ အရမ်းကိုခက်ခဲတယ်။ တောင်ကလည်း မတ်သလို ကျောက်အကြီးကြီးတွေလည်း ရှိတဲ့ခါကြတော့လေ လမ်းမှာတောက်လျှောက် ဘီးပေါက်တယ်။ တာယာတွေ ပွင့်ထွက်၊ ကွဲထွက် ကျနော်တို့ရေ ဟို့ဘက်ခြမ်းကိုရောက်ဖို့အတွက်ကို မိုးချုပ်သွားတယ်။” ဟု ပြောသည်။

ရေသွားသယ်သည့်နေရာမှ စစ်ဘေးရှောင်များရှိသည့်နေရာကို နေ့တစ်ပိုင်းကြာမောင်းပို့ရသည့် အနေအထားတွင် ရေ၏တန်ဖိုးမှာ အနည်းဆုံး ကျပ် ၁ သိန်းဖြစ်ပြီး ရေ ၁,၀၀၀ ဂါလံလျှင် ကျပ် ၂ သိန်းမှ ၃ သိန်းအထိ ပေးရသည်ဟု ဦးရန်နှောင်ဟိန်းက ဆိုသည်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ နေရာအများစုသည် နိုဝင်ဘာလမှစတင်၍ ရေရှားပါးသည့် ပြဿနာကို စတင် ကြုံတွေ့လာကြခြင်း ဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here