ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဝါရှင်တန် စစ်ဘေးရှောင်စခန်းအတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူတို့က ပြောသည်။
ဝါရှင်တန်စစ်ဘေးရှောင်စခန်းတွင်၂၀၂၅ ဇန်နဝါရီလမှ ဇွန်လအထိ အလှူရှင်များ ရောက်လာခြင်းမရှိသည့်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်ကော်မတီပြောဆိုမှုအရ သိရသည်။
စစ်ဘေးရှောင်ကော်မတီတာဝန်ရှိသူက “ဒီနှစ်၂၀၂၅ မှာပေါ့နော်၊ အလှူရှင်တွေက တခါမှ ဝါရှင်တန်ထဲ မရောက်တဲ့ အခါကြတော့ စစ်ရှောင်တွေ တော်တော်ဒုက္ခရောက်တယ်။ အခုက ကုန်ဈေးနှုန်းတွေတက်ပြီး စစ်ရှောင်တွေက အရမ်းဒုက္ခရောက်တယ်။ အစားအသောက်တွေ အရမ်းလိုအပ်နေတာပေါ့နော်။ မိုးကာ မိုးယိုတာကတဖက်၊ အစားအသောက် အဆင်မပြေတာတဖက် စိတ်ဓာတ်တော့ တော်တော်ကျတာ အများကြီးရှိတယ်” ဟု ပြောသည်။
ဝါရှင်တန် စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၁၅ စု၊ လူဦးရေ ၄၇၆ ဦးရှိပြီး လွိုင်ကော်မြို့နယ်တွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်လာကြသူများဖြစ်သည်ဟု စစ်ရှောင်ကော်မတီတာဝန်ရှိသူက ပြောသည်။
“ဒီစစ်ရှောင်က အများအားဖြင့် တစ်လေးလုံးတုန်းက အဖွဲ့ကပိုများတယ်။ အများစုက လွိုင်ကော်ဘက်က ဒေါဥခူ၊ မှိုင်းလုံး၊ ထူဒူငံသ၊ ဘန်ကောက် အဲ့တကြောကပေါ့နော်” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် အခြေခံစားနပ်ရိက္ခာများနှင့် မိုးကာများလည်း အရေးပေါ် လိုအပ်နေသည်ဟု ဆိုသည်။
ကရင်နီပြည်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့်အတူ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးနေမှုများကြောင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စက်သုံးဆီအပါအဝင် အခြားကုန်ပစ္စည်းများ တင်သွင်းရန် ခက်ခဲနေကြသည်။
ထို့ကြောင့် ဒေသအတွင်း စက်သုံးဆီပြတ်လပ်မှုနှင့်အတူ ကုန်ဈေးနှုန်းများ စျေးနှုန်းမြင့်တက်သည့်အတွက် စစ်ဘေးရှောင်များ အခက်အခဲကြုံနေကြရခြင်းဖြစ်သည်။
NMG ပေးပို့သည်။