ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြိုနယ်အတွင်းက နန်းမယ်ခုံမြို့အနီးအနားကို စက်တင်ဘာလ ၄ ရက်နေ့နှင့် စက်တင်ဘာ ၅ ရက်နေ့တို့တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များ အသုံးပြုပြီး နှစ်ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့ထံက စုံစမ်းသိရသည်။
စက်တင်ဘာ ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတိုက်လေယာဉ်နှင့် ပေါင်၅၀၀ ဗုံး ၂ လုံးနှင့် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရပြီး တခြားထိခိုက်မှု အသေးစိတ်ကို စုံစမ်းမေးမြန်း နေဆဲဖြစ်သည်။
“ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချတာရော ပွိုင့် 8 နဲ့ ၃ကြိမ်လာပစ်သွားတာ ရှိတယ်။ အမျိုးသားလား အမျိုးသမီးလား မသိဘူး၊ အခုပြန်မေးကြည့်တော့လဲ မသေချာဘူး ပြောနေတယ်။ သေတာတော့ တစ်ယောက်သေတယ်။ ဒါပေမဲ့ အထိအခိုက်များတယ်” ဟု စစ်ရှောင်အရေးကူညီသူကိုဖိုးဇော်က ပြောသည်။
လေယာဉ်နှင့် ဗုံးကြဲပြီးနောက် ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို လက်နက်ကြီးနှင့် ပစ်ခတ်မှုရှိနေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့က မွန်းလွဲ ၃နာရီခွဲဝန်းကျင်တွင်လည်း နန်းမယ်ခုံမြို့၊ မြို့မရှမ်းရပ်ကွက်အနီး စစ်ကောင်စီက လေယာဥ်နှင့် ဗုံးကြဲသွားခဲ့ပြီး ထိခိုက်မှု မရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး(၂) ဦးဗညားက ပြောသည်။
“နန်းမယ်ခုံမြို့ရဲ့ မြို့မ ရှမ်းရပ်ကွက် အမှတ် ၂ ရဲစခန်း ရဲ့ မြောက်ဘက်တစ်မိုင်အကွာခန့်လောက်မှာ စစ်ကောင်စီက လေယာဥ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်။ အဲ့ဒါ မြို့မရှမ်းရပ်ကွက်ရဲ့ ရွာအစပ်မှာ ကျရောက်ပေါက်ကွဲ ခဲ့တာပေါ့နော်။ အဆောက်အဦး၊ နေအိမ်တွေကအစ အထိအခိုက်တော့ မရှိခဲ့ပါဘူး”လို့ ဦးဗညားက ဆိုသည်။
စစ်ကောင်စီသည် ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာများကို ဩဂုတ်လတတိယပတ်ကနေ လက်ရှိအချိန်ထိ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုများရှိနေပြီး လက်ရှိချိန်ထိ လေယာဥ်ဗုံးကြဲမှုရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့က လက်နက်ကြီး (၁၂၀) မမ (၄) လုံးကို ကျေးရွာဘက် ရမ်းသမ်းပစ်ခတ်တာကြောင့် ဒီးမော့ဆိုအရှေ့ဘက်ကျေးရွာ ၂ ရွာမှာ ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့သည်။
ဩဂုတ်လ ၃၀ ရက်ကလည်း ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်ကနေ ပြည်သူများနေထိုင်သည့် ကျေးရွာထဲကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့တာကြောင့် စပါးခင်းနှင့်ပြောင်းခင်းများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။