ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ခန္ဓာနှုံးချိခြင်း၊ မူးဝေအော့အန်ခြင်း စသည့်လက္ခဏာများ ခံစားခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီက မေလ ၆ ရက်နေ့ ည ၁၁ ကျော်တွင် လေကြောင်းကနေ နှစ်ကြိမ်တိုင် မိနစ် ၂၀ ခန့်ခြားကာ ဗုံးအလုံးရေ ၁၀ လုံးဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
“လေယာဥ်သံကြားတော့ ကျမ ထွက်လာတယ်။ ထွက်လာတော့ ရပ်နေရင်း တစ်လုံးပစ်ချတယ်၊ ပေါင် ၅၀၀ ဗုံး။ အဲ့တော့ ကျမထပ်အော်လိုက်တာ အမိုးရေ ထွက်ထွက် ၊ အမရေ ထွက်ထွက် လေယာဥ်လာတယ်ဆိုပြီးတော့ ဗုံးခိုကျင်းထဲပြေးဝင်ခိုင်းတာ လေယာဥ် ပြန်ပြီထင်တာ ထွက်လာတော့ နောက်တစ်ချက်ထပ်လာပြန်တယ်” ဟု လေကြောင်းနှင့် ဗုံးကြဲခံရသည့်နေရာအနီးအနားရှိ ဒေသခံအမျိုးသမီတစ်ဦးက ဖြစ်စဉ်ကိုပြောဆိုသည်။
ထိုသို့ဗုံးကြဲခံရပြီးနောက်ပိုင်း ဒေသခံများသည် ခန္ဓာကိုယ်နှုံးချိခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း စသည့် လက္ခဏာ တို့ကို ခံစားရတာကြောင့် အဆိပ်ငွေ့ရှူရှိုက်မိခြင်းဖြစ်နိုင်ကြောင်းနှင့် ဗုံကြဲရာတွင် အဆိပ်ငွေ့ဗုံးအသုံးပြုခဲ့မှု ဖြစ်နိုင်သည်ဟု ဒေသခံတို့က ပြောဆိုကြသည်။
ဒေသခံအမျိုးသမီး နောက်တစ်ဦးက “ခေါင်းမူးပြီးတော့ အန်ချင်သလိုဖြစ်တယ်။ နှလုံးကလည်း တအား ဆောင့်တက်နေတော့ ကျမတို့ကိုယ့်ကိုထိန်းလိုက်ရတယ်၊ အခုထိ မူးနေသေးတယ်” ဟု ပြောသည်။
ဗုံးများမှာ ဒေသခံများရှိရာနေရာအနီးအနားနှင့် တောင်ယာစိုက်ခင်းထဲ ကျရောက်ခဲ့တာကြောင့် လူထိခိုက်မှု မရှိကြောင်း ၎င်းတို့က ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်သည့်နေရာတို့ကို စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်မှုကို မကြာခဏလုပ်ဆောင်နေတာကြောင့် ဒေသခံများကြား စိုးရိမ်ထိတ်လန့်နေကြောင်း ပြောဆိုသည်။
“ပြည်သူအနေနဲ့ဆိုတော့ ဒီလိုဗုံးလာကြဲတာဟာ မတရားဘူးပေါ့၊ ကျနော်တို့လည်း လက်လုပ်လက်စားပဲရော၊ တောင်ယာ၊ ပဲတွေပဲ လုပ်စား (စိုက်ပျိုးစား) တယ်။ ပြည်သူတွေအနေနဲ့ ရိုးရိုးသားသား လုပ်စားနေကြတာပါ။ အဲ့လိုမျိုးလာပြီး ဗုံးလာကြဲတော့ ကျနော်တို့လည်း စိတ်မကောင်းဘူး” ဟု ကျေးရွာဥက္ကဌတစ်ဦးက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရန်ဆိုသည့် အကြောင်းပြချက်နှင့် စစ်ကောင်စီက မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးကြောင်းကြေညာသည့်ရက်မှာပင် ကရင်နီပြည်ကို ယခုလို လေကြောင်းနှင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကန္တာရဝတီတိုင်း (မ် ) – ပေးပို့သည်။