ဒိုက်ဦးမြို့ ကျိုက်ဇကောထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေဟု AAPP ထုတ်ပြန်

0
498
ပုံစာ - ဒိုက်ဦးမြို့ ကျိုက်ဇကောထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ရှိ ကျိုက်ဇကော အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုပြီး စစ်ကောင်စီတပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေသည့်အတွက် ၎င်းတို့၏ မိသားစုများက ဒိုက်ဦးအကျဉ်းထောင် တာဝန်ရှိသူများထံ စုံစမ်းမေးမြန်းသော်လည်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြောင်း AAPP က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ကိုခန့်လင်းနိုင် (ခ) ကိုခန့် (ခ) လက်ဝဲ (ဘ) ဦးသန်းစိုးနိုင်၊ ထောင်ဝင် အမှတ်- (ပခ/၂၂/၀၀၄၃၆/က)၊ ဇူလိုင်လ ၈ ရက်နေ့တွင် ကိုပြည့်ဖြိုးဟိန်း (ခ) ကိုပြည့် (ဘ) ဦးကျော်ဦး ထောင်ဝင်အမှတ် (ဒဥ/၂၂/၀၀၁၇၆/က) တို့ကို ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရာတွင် လမ်းခရီး၌ ကားမှောက်သည်ကို အခွင့်ကောင်းယူ ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရာတွင် သေဆုံးသွားကြောင်း ဒိုက်ဦးအကျဉ်းထောင်၊ ဦးစီးအရာရှိ (က ၃၇၀၂) ဦးကျော်ဇေယျမှ လက်မှတ်ထိုးပြီး ၎င်းတို့၏မိသားစုထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု AAPP ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကျဉ်းဦးစီးဌာနက မိသားစုထံ ပေးပို့သည့်စာသည် ဇွန်လ ၂၉ ရက်နေ့ ရက်စွဲတပ်ထားသော်လည်း မိသားစုများထံသို့ ဇူလိုင်လ ၇ ရက် နှင့် ၈ ရက်နေ့များတွင်မှသာ ရောက်ရှိခဲ့ကြောင်း၊ ကိုပြည့်ဖြိုးဟိန်း၏ ဇနီးထံ ပေးပို့ ရေးသားထားသည့် စာသည် ပျောက်ဆုံးနေသော ကိုအောင်မျိုးသူ၏ဇနီး မခင်မိုးမိုးထံသို့ ရောက်ရှိသွားခဲ့ရာ ပျောက်ဆုံးနေသည့် ကိုအောင်မျိုးသူ၏ အသက်အန္တရာယ်လည်း စိုးရိမ်စရာ ဖြစ်နေရကြောင်း AAPP က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ကလည်း မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသား ဦးစိန်ဝင်းသည် အစာအိမ် သွေးကြောပေါက် သေဆုံးသွားသည်ဟု မိသားစုထံသို့ အကြောင်းကြားခဲ့ကြောင်းနှင့် ဦးစိန်ဝင်းသည် စစ်ကြောရေး လုပ်ခံခဲ့ရသည်ဟု ထောင်တွင်းအကျဉ်းသားများထံမှ သိရပြီး သေဆုံးချိန်၌ ခန္ဓာကိုယ်ပေါ်၌ အညိုအမည်းဒဏ်ရာများ တွေ့ရကြောင်း မိသားစုထံမှ သိရသည်။

ဇွန်လ ၇ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသား ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်၏ မိခင်နှင့် အစ်မဖြစ်သူတို့ကို ပျူစောထီးများမှ နေအိမ်တွင် လာရောက်သတ်ဖြတ်ခဲ့ပြီးနောက် ဇူလိုင်လ ၆ ရက်နေ့တွင် ကိုကောင်းဇာနည်ဟိန်းနှင့် ကိုကျော်သူရ တို့နှစ်ဦးအား စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့ကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ ဖေါ်ထုတ်ရေးသားမှုများ အရ သိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည့် ဦးထွန်းကြည်က “တောင်ငူထောင် ဖောက်ပြေးခဲ့တဲ့ ဖြစ်စဉ်မှာ သူတို့အကြီးအကျယ် အရှက်တကွဲ အကျိုးနည်း ဖြစ်တယ်၊ စစ်တပ်အသိုင်းအဝိုင်းက နိုင်ကျဉ်းတွေကို အကြောက်တရားနဲ့ ခြောက်လှန့် လုပ်ပြနေကြတာ။ ရုပ်ပိုင်းဆိုင်ရာပဲ အကျဉ်းချထားလို့ ရမယ်။ တော်လှန်တဲ့ စိတ်ဓာတ်ကိုတော့ သူတို့ဘယ်တော့မှ မရစေရဘူး။ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို နိုင်ငံတကာသိအောင် အရေးယူနိုင်တဲ့ အဆင့်အထိ NUG က နိုင်ငံတကာကို ဖိအားပေးလုပ်ပေးဖို့လိုတယ်” ဟု ပြောသည်။

ယခုလို အကျဉ်းထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများကို လက်လွတ်စပယ် သတ်ဖြတ်နေခြင်းသည် နိုင်ငံတကာ ဥပဒေများကိုပါ ကျူးလွန်နေကြောင်း၊ ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အာဆီယံ၏ လူ့အခွင့်အရေး ပဋိညာဉ်ကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ကြောင်း AAPP က ထောက်ပြထားသည်။

စစ်ကောင်စီ၏ အမာခံထောက်တိုင်များ ဖြစ်ကြသည့် တရားသူကြီးများ၊ စစ်သားများ၊ ရဲများ၊ အကျဉ်းဦးစီး ဌာန ဝန်ထမ်းများသည် စစ်ကောင်စီ အလိုကျ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့ပြစ်ဒဏ် ချမှတ်ခြင်း၊ အကျဉ်းထောင် အသီးသီးတွင်လည်း နိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက် ရှိရှိဖြင့် ဥပဒေမဲ့ သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့် စော်ကားခြင်းများကြောင့် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွင် အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ပေးကြဖို့လည်း AAPP က တိုက်တွန်းထားသည်။

စစ်တပ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စပြီး တရားမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်း ၃၇၅၇ ဦးရှိပြီး အကျဉ်းထောင်များ၌ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ နှိပ်စက်ခံရမှုများကြောင့် အသက်ဆုံးရှုံးရသူများ၊ စစ်ကြောရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသူ စုစုပေါင်း ၁၅၀ ဦး ရှိပြီဟု AAPP က ဖော်ပြထားသည်။ အဆိုပါစာရင်းသည် ဒီထက်မက အရေအတွက် ပိုများနိုင်မည်ဟုလည်း AAPP က ဖော်ပြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here