ထောင်အာဏာပိုင်များက နိုင်ကျဉ်းမိသားစုများအား ခြိမ်းခြောက်ငွေညှစ်နေ

0
115

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ အကျဉ်းထောင်များတွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကိုခြိမ်းခြောက်ပြီး ငွေတောင်းခံမှုများရှိနေသည်ဟု မွန်ပြည် လူအခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ အကျဉ်းထောင်အာဏာပိုင်များ၏ ခြိမ်းခြောက်ငွေညစ်မှု၊ အာဏာအလွှဲသုံးစားမှုဆိုင်ရာနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည့် အစီရင်ခံစာထဲတွင် မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောဆိုထားသည်။

HURFOM ဒါရိုက်တာနိုင်အဲမွန်က “အဓိက နိုင်ငံရေးအကျဉ်းသားကို ပစ်မှတ်ထားပြီးတော့ မိသားစုတွေဆီကနေ ငွေမတရားညစ်တဲ့ကိစ္စတွေ ပိုက်ဆံပေးမှ သက်တောင့်သက်တာနေနိုင်မယ်။ ငွေမပေးနိုင်လို့ရှိရင် ရောဂါဖြစ်နေပေမဲ့လည်း ဆေးကုသခွင့်မပေးတာတို့” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်များသည် ထားဝယ်၊ ကျိုက်မရော၊ ဖားအံ (ဘားအံ) တောင်ကလေးအကျဉ်းထောင် စသည့် အကျဉ်းထောင်သုံးခုစလုံးတွင် ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။

“ရိုက်နှက် စစ်ဆေးတာတို့၊ ရိုက်နှက် ညှင်းပမ်းတာတို့ မတရားအနိုင်ကျင့်ပြီးတော့ အပြစ်ရှာပြီးတော့ Information တွေထပ်ပြီး တောင်းတာတို့ နောက်တခုက ငွေပေးနိုင်မှ နည်းနည်း သက်တောင့်သက်တာရှိတဲ့ နေရာတွေမှာထားတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များက ငွေမပေးနိုင်ပါက နိုင်ငံရေးအကျဉ်းသားများမှာ ညှင်းပန်းနှိပ်စက်ခံရသည်ဟု ၎င်းက ဆက်ပြောသည်။

အကျဉ်းထောင်များရှိ ထောင်အာဏာပိုင်းများက ငွေညှစ်နေသည့်အပြင် ဆိုးရွားလာသော ပြည်တွင်းအခြေအနေများကြောင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများက အခက်အခဲများ ပိုဖြစ်လာစေမည်ကို စိုးရိမ်နေကြသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် နွေဦးတော်လှန်ရေးအတွင်း ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများကြောင့် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများသည် အခြားသောအကျဉ်းသားများထက် စနစ်တကျ ဖိနှိပ်မှုခံနေကြရသည်ဟု HURFOM က ပြောသည်။

“ဒါကတော့ သေချာတယ်။ သူတို့စိတ်ရင်းမှာ ကိုယ်၌က တန်ပြန်ပြီးတော့ ကလဲ့စားချေတာ။ ဘာဖြစ်လို့ ဒီလို ဆူဆူပူပူ လုပ်ရတာလဲပေါ့နော်။ ဘာလို့ ဒီနိုင်ငံရေး တချိုးကွေ့ထပြီး သောင်းကျန်းရလဲ။ သူတို့ အပြစ်ပေးအရေးယူမှုတွေပေါ့နော်။ အဲ့လိုမျိုး နိုင်ကျဉ်း တစ်ယောက်က ဝင်လာပြီဆို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တစ်ခြား မသက်မသာနေရတဲ့ အနေအထားတွေအထိ ဖန်တီးပြီးမှ လုပ်လေ့ရှိတယ်။ ဂိုဏ်စတားတွေ ထားတယ်။ ဖိနှိပ်တယ်။ တစ်ချို့ ဆိုလို့ရှိရင် Sexual harassment လုပ်ခံရတဲ့ အခြေအနေထိ ရှိပါတယ်။ အမျိုးသမီး အကျဉ်း သားတွေပဲ မဟုတ်ဘူး။ အမျိုးသား အကျဉ်းသားတွေလည်း အဲ့လိုမျိုးဖြစ်တာရှိတယ်” ဟု နိုင်အဲမွန်က ဆိုသည်။

လက်ရှိ၌ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူ အယောက် ၁၀၀၀ ခန့် ရှိပြီး ထက်ဝက်ခန့်မှာ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူများ ဖြစ်သည်ဟု HURFOM က ဆိုသည်။

အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား ဆေးဝါးကုသခွင့် မပေးခြင်း၊ သင့်တင့်လျောက်ပတ်ပြီး အာဟာရပြည့်မီသည့် အစာရေစာ မပေးခြင်း စသည် ဖိနှိပ်မှုများအပြင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကိုလည်း လုပ်ဆောင်နေသည်ဟု နိုင်အဲမွန်က ဆိုသည်။

ထို့အတူ အဆိုပါ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားများ ဖျားနာလာသည့်အချိန် ဆေးဝါးကုသမှု လျှောက်ထားရာတွင်လည်း နိုင်ငံရေးအကျဉ်းသားများကို လစ်လျူရှုထားလေ့ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသူများက ပြောသည်။

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများအား ယခင်နည်းဟောင်းကို အသုံးပြုပြီး ညှင်းပန်းနှိပ်စက်မှု လုပ်နေမှုများကို နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်ပြီး စောင့်ကြည့်နေသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC၊ နိုင်ငံတကာနှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ကူညီပေးနေသည့် အေဂျင်စီများ၊ အလှူရှင်များ သိရှိစေရန် အကျဉ်းထောင်များရှိ အခြေအနေကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု နိုင်အဲမွန်က ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here