ထောင်သွင်း အကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ဇူလိုင် ၉ ရက်နေ့တွင် တွေ့ဆုံခဲ့သည်ဆိုသည့် ခိုင်လုံသောသတင်းအရ သိရှိရကြောင်း ဂျပန်သတင်းမီဒီယာ PanOrient News က ရေးသားခဲ့သည်။
တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသည့် ထိုတွေ့ဆုံမှုသည် ဂျာကာတာတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်မီ တစ်ရက်အလို၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။
PanOrient News ၏ ရေးသားဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် အနောက်နိုင်ငံများ၏ ထောက်ခံအားပေးမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်လည်း မပြု၊ ထောက်လည်း မထောက်ခံဟု တွေ့ဆုံမှုတွင် အတည်ပြု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
အင်ဒိုနီးရှား၌ ကျင်းပနေဆဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေးသည် ထိပ်ဆုံးမှ ပါဝင်နေပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည့်ဆိုသည့် သတင်းကြောင့် ရိုက်ခတ်မှု မည်သို့ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသလို မြန်မာ့အရေး ဖြေရှင်းရာတွင် ထူးခြားမှု တစုံတရာ ဖြစ်ပေါ်နိုင်မှု ရှိ/မရှိကိုလည်း မသိရသေးဟု PanOrient News က ရေးသားထားသည်။
ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ဇွန်လအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ပြီး လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ တရုတ်၊ အိန္ဒိယတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ထိုင်းနှင့် မြန်မာသည် ကီလိုမီတာ ၂၀၀၀ ကျော် နယ်မြေချင်း ထိစပ်နေကြောင်း၊ မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပိုမိုဆိုးရွားလာပါက အခြားအာဆီယံ နိုင်ငံများထက် ထိုင်းက ပိုမိုခံစားရနိုင်ကြောင်း ပြောကြားခဲ့သည် PanOrient News က ရေးသားထား သည်။
PanOrient News သည် ဂျပန်နိုင်ငံတွင် မှတ်ပုံတင်ထားပြီး ဂျပန်နှင့် အရှေ့အာရှသတင်းများကို အဓိက ဖော်ပြနေသည့် သတင်းမီဒီယာဟု သိရှိရသည်။
နိရဉ္စရာ ပေးပို့သည်။