ထောင်ကျစစ်သားများပါဝင်ဖွဲ့စည်းထားသည့် ကျားဘီလူးစစ်ကြောင်းများ စစ်ကိုင်းတိုင်းအတွင်း စတင်လှုပ်ရှား

0
482
ပုံစာ - ကန့်ဘလူမြို့သို့ရောက်ရှိလာသော ကျားဘီလူးစစ်ကြောင်း။

စစ်ကိုင်းတိုင်းအတွင်း၌ ဆိုးသွမ်းထောင်ကျစစ်သားများ ပါဝင်ဖွဲ့စည်းထားသော ကျားဘီလူးစစ်ကြောင်း (ခေါ်) အကြမ်းဖက်နှိမ်နင်းရေး အထူးစစ်ကြောင်းများ စတင်လှုပ်ရှားတော့မည်ဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာတချို့တွင် ရေးသားဖော်ပြလာသည်ကို တွေ့ရသည်။

ထိုကျားဘီလူးစစ်ကြောင်းသည် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရွှေဘိုမြို့နယ်မှ တဆင့် ခင်ဦးနယ်အတွင်းသို့လည်း ဝင်ရောက်လာပြီး ထောင်ကျများလည်း ပါဝင်သည်ဟု တော်လှန်ရေးအင်အားစုများက ပြောဆိုအတည်ပြုထားသည်ကို အွန်လိုင်းမီဒီယာတခုတွင်လည်း ဖော်ပြထားသည်။

အဆိုပါစစ်ကြောင်းသည် နာမည်နှင့်လိုက်အောင် ဆိုးသွမ်းရက်စက်ပြီး ဒီပဲယင်းနယ်ထဲသို့လည်း ဇန်နဝါရီလ တတိယအပတ်အတွင်းက ဝင်ရောက်လာခဲ့ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“အခုစစ်ကြောင်းက နာမည်ကြီးတဲ့ ဘီလူးစစ်ကြောင်းဆိုတော့ ပြည်သူတွေကို သတ်တဲ့နေရာမှာလည်း တအား ရက်စက်တာပေါ့နော်။ စစ်ကြောင်းတလျောက်မှာလည်း ကိုယ်ဝန်ဆောင်တွေရော၊ အမျိုးသမီးတွေရော သတ်ထားခဲ့ပြီး ဆိုတော့လေ၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့လွတ်တဲ့ ဘေးလွတ်ရာကို အမြန်ဆုံး ရှောင်တိမ်းကြဖို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့သို့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျားဘီလူးစစ်ကြောင်း ခေါ် အကြမ်းဖက်နှိမ်နင်းရေးစစ်ကြောင်းများ ဝင်ရောက်လာသည်ဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာတချို့တွင် ဖော်ပြထားပြီး အဆိုပါ စစ်ကြောင်းများနှင့် ပတ်သက်၍လည်း အခုလိုရေးသားထားသည်ကို တွေ့ရသည်။

အကြမ်းဖက် နှိမ်နင်းရေးအမည်ဖြင့် ဖွဲ့စည်းထားသော ကျားဘီလူးစစ်ကြောင်းတွင် သမားရိုးကျတပ်များကဲ့သို့ မဟုတ်ဘဲ စစ်ထဲဝင်ချင်သော Volunteer ပြည်သူများ၊ စစ်မှုထမ်းဟောင်းများ၊ တိုက်ပွဲအတွေ့အကြုံရှိပြီး ဆိုးသွမ်းသဖြင့် စစ်ထောင်၊အရပ်ဘက်ထောင်များတွင် ထောင်ကျနေသူများကို တိုက်ပွဲအတွေ့အကြုံရှိသည့် တာဝန်ထမ်းဆောင်ဆဲ စစ်သည်များဖြင့် အချိုးကျဖွဲ့စည်းထားကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ရေးသားဖော်ပြထားကို တွေ့ရသည်။

ထို့ပြင် ဖွဲ့စည်းပုံအားဖြင့်လည်း သမားရိုးကျတပ်ရင်းဖွဲ့စည်းပုံထက် ကျော်လွန်၍ စစ်ကြောင်းတစ်ကြောင်းလျှင် တပ်အင်အား ၄၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး လက်နက်တပ်ဆင်ပုံနှင့် ပတ်သက်၍လည်း Automatic မောင်းပြန် MA-1 စက်လက်၊ RPG၊ ၆၀ မမ စိန်ပြောင်းအထိပါဝင်ပြီး ထူးခြားချက်အနေဖြင့် Attack/ ကင်းထောက် Drone အဖွဲ့ပါ ထည့်သွင်းဖွဲ့စည်းထားပြီး Sniper Team လည်း ပါဝင်သည်ဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ရေးသားထားပါသည်။

သို့သော် အဆိုပါစစ်ကြောင်းသည် မည်သည့်ဒေသတွင် လှုပ်ရှားမည်ဆိုသည်ကို တိတိကျကျ မသိရသေးသလို ကောလင်းနယ်ထဲအထိ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းပြောဆိုမှုများလည်း ရှိနေသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here