ထိုင်းနိုင်ငံက နယ်စပ်ပြေးလာသည့်စစ်ရှောင်များအား နေရပ်ပြန်ရန် ဖိအားပေးနေဆဲဖြစ်

0
308
Photo- Karenni Humanitarian Team-KHT

ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ပြေးရောက်ရှိလာသည့် စစ်ဘေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ရန် ဖိအားပေးပြောဆိုမှုများ ရှိနေသည့်အတွက် ထိုင်းအစိုးရက ဒုက္ခသည်များကို လက်ခံကူညီမည်ဟု ပြောဆိုမှုကို အပြည့်အဝ ယုံကြည်၍မရသေးကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN က ပြောဆိုလိုက်သည်။

ထိုင်း-ကရင်နီနယ်စပ် အပါအဝင် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ဘေးဒုက္ခသည်များအား လက်ခံသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြောကြားလိုက်သည့်အပေါ် ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကရင်နီလူမှု့အသင်းအဖွဲ့များကွန်ရက် KCSN က ပြောရေးဆိုခွင့်ရှိသူ ခူးရူဘီက “ကူညီမယ်ဆိုရင်တော့ ကူညီပေးနိုင်တဲ့ အနေအထားရှိတယ်။ လမ်းကြောင်းအရလည်း သိပ်မခက်ခဲဘူးလေ။ ဒါပေမယ့် သူတို့စကားအပေါ်မှာကြတော့ သွားယုံလို့တော့ မရဘူး။ ဘာဖြစ်လဲဆို သူတို့ကိုယ်တိုင်က ဒုက္ခသည်ကို လက်ခံချင်တဲ့ အနေထားမှာတော့ မဟုတ်ဘူးပေါ့။ ဘာဖြစ်လဲဆို သူတို့ကလည်း 1951 Refugee Convention ကို လက်မှတ်ထိုးထားတာလည်း မဟုတ်တော့လေ။ ဥပဒေအရ သူတို့လက်ခံဖို့ တာဝန်ရှိတော့ ကူညီပေးမယ်ဆိုလည်း အဲ့ဒါဟုတ်လား မဟုတ်လား အားလုံးယုံလို့မရဘူးပေါ့” ဟု ပြောသည်။

ထိုင်းအစိုးရက ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောဆိုလာခြင်းသည် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်း များ၏ တိုက်တွန်းပြောဆိုမှုများကြောင့် ဖြစ်နိုင်သည်ဟု ကရင်နီပြည် ကြားကာလကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောသည်။

ဒုက္ခသည်များကို လက်ခံသွားမည်ဟု ထိုင်းအစိုးရ၏ ပြောဆိုမှုကို ကြိုဆိုကြောင်းနှင့် နိုင်ငံတကာအလှူရှင်များကို လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်အပြင် နယ်စပ်တကြောရှိ စစ်းဘေးရှောင်များကို ကူညီနိုင်ရန်အတွက် နယ်စပ် ဖြတ်ကျော်ခွင့်ကိုလည်း ထိုင်းအစိုးရက ခွင့်ပြုပေးရန်လိုသည်ဟု ဦးဗညားက ဆိုသည်။

“ကျနော်တို့ မျှော်လင့်တာက ဒီစခန်းဖွင့်ရုံနဲ့ မပြီးသေးဘူးပေါ့နော်။ ကျနော်တို့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီမှုကို လိုလိုလားလား လက်ခံဖို့လိုအပ်တယ်။ ထို့အတူ ဒီစခန်းတွေထဲကို ဝင်ထွက်နိုင်တဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူညီတွေကို ပေးနေတဲ့အဖွဲ့အစည်းတွေ အလွယ်တကူ ဝင်ထွက်နိုင်အောင်လည်း ခွင့်ပြုဖို့လိုအပ်တယ်။ နောက်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ သက်ဆိုင်ရာအစုအဖွဲ့တွေရဲ့ လေ့လာမှု ချဉ်းကပ်မှုတွေကိုလည်း လက်ခံပေးဖို့ လိုအပ်တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးနှင့် ပတ်သက်ပြီး ဦးဗညားက “ထိုင်းနိုင်ငံတွင်း သာမက နယ်စပ်ခြင်းထိစပ်နေတဲ့ ဒေသတော်တော်များများပေါ့၊ အထူးသဖြင့်ကရင်နီမှာဆိုရင် မယ်စဲ့တို့ ရှားတောတို့ဘက်မှာရှိနေတဲ့ စစ်ဘေးရှောင် နယ်စပ်တကြောမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို ကျနော်တို့ ကူညီပံ့ပိုးမှုတွေ လုပ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံအစိုးရ အနေနဲ့လည်း Humanitarian assistance လို နယ်စပ်ဖြတ်ကျော်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကျနော်တို့ ပိုမိုထိရောက်မှုရှိသော ထိုင်းနိုင်ငံအစိုးရရဲ့ လူသားချင်းစာနာ ထောက်ထားမှု အစီအမံ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ပြောလိုပါတယ်။ အဲဒီအတွက်ကြောင့်မလို့ ထိုင်းနိုင်ငံအစိုးရ အနေနဲ့ နယ်စပ်တလျောက်မှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို Humanitarian Assistance တွေကို ပေးနိုင်ဖို့၊ ရယူနိုင်ဖို့အတွက် နယ်စပ်မှာ လူသားချင်း စာနာထောက်ထားတဲ့ လမ်းကြောင်းတွေ Border တွေ ဖွင့်ပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်ဗျ”ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများမှာ ရပ်ရွာကိုစွန့်ခွာကာ စစ်ဘေးရှောင် နေကြရပြီး နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်က အခက်အခဲများကို ရင်ဆိုင်နေကြရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်လာသူများထဲတွင် အချို့မှာ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာကြပြီး နေထိုင်ရန်နေရာ အတည်တကျ မရှိခြင်း၊ စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်ရခြင်း၊ ထိုင်းဖက်ခြမ်းသို့ ဝင်ရောက်နေထိုင်ပါက ဖိအားပေး မောင်းထုတ်ခံရခြင်း အစရှိသည့် စိန်ခေါ်မှုများကို ကြုံတွေ့နေကြရသည်။

ထိုအနေအထားများကြောင့် ထိုင်းအစိုးရအနေဖြင့် စစ်ပြေးဒုက္ခသည်များကို လက်ခံမည်ဆိုသည့် ပြောဆိုမှုကို အမှန်တကယ် အကောင်အထည်ဖော်ရန် မျှော်လင့်သည်ဟု ခူးရူဘီက ပြောသည်။

“အဲ့လို အမှန်တကယ်ဖြစ်လာရင်တော့ ဒါကတော့ ကျနော်တို့ ဒုက္ခရောက်တဲ့ပြည်သူအတွက် အများကြီး ဝမ်းသာစရာ ဖြစ်တာပေါ့။ ဘာဖြစ်လဲဆို တစ်ချိန်လုံးပြည်တွင်းမှာပဲ ပုန်းရှောင်၊ တနေရာပြီး တနေရာ ထွက်ပြေးရတဲ့သူတွေ အများကြီးရှိတယ်။ စခန်းဆို သုံးလေးငါးခါ ပြောင်းတဲ့သူတွေ ရှိတယ်ဆိုတော့ သူတို့ဒီလိုမျိုး လက်ခံတယ်ဆိုရင်တော့ အနည်းဆုံးတော့ နေရာအတည်တကျ ရှိသွားမယ်။ လုံခြုံမှုအရလည်း ပိုလုံခြုံသွားမယ်။ ထပ်ပြေးစရာ မလိုတော့ဘူး။ အမှန်တကယ်ဆိုရင်တော့ လူထုအတွက် ဝမ်းသာစရာဖြစ်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ထိုင်းအစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများကို စောင့်ကြည့်နေပြီး အခြေအနေ ပိုမိုဆိုးရွားလာပါက ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေသည့် စစ်ဘေးဒုက္ခသည်များအား လက်ခံရန်အသင့် ရှိနေကြောင်း ပြောကြားထားသည်။

UNHCR ၏ စာရင်းအရ ထိုင်း- မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် လူဦးရေ ၉၁,၃၃၇ ဦး ခိုလှုံနေကြရပြီး စစ်ပွဲများ ကြောင့် လူဦးရေ ၁.၅ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဖော်ပြထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here