ထားဝယ်အရှေ့တောဒေသ စစ်ကြောင်းဝင်လာလို့ ကျေးရွာ ၇ ရွာက ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးရ

0
402
ပုံစာ- တိမ်းရှောင်ထွက်ပြေးနေကြတဲ့ ကျေးရွာ ၇ ရွာမှ ဒေသခံတချို့ (Photo -Dawei PDF)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ ၇ ရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။

တပ်အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်သည် ဇွန် ၁၅ ရက် နံနက်ပိုင်းကစပြီး ထားဝယ် အရှေ့တောဒေသကို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာခြင်းကြောင့် ထားဝယ်အရှေ့တောဒေသမှ ကျေးရွာများဖြစ်သည့် ပကာရီ၊ သင်္ကန်းတုံး၊ ပခပ်၊ သရက်ငုတ်၊ ရမ္မာဇူ၊ လိပ်ကြယ်ပြောင်ကျေးရွာ အပါအဝင် ကျေးရွာ ၇ ရွာက ဒေသခံများသည် အိုးအိမ်စွန့်ခွာပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသော်လည်း လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမှု မရှိသေးဘဲ နှစ်ဘက်စစ်ရေး တင်းမာနေသည်ဟု ထားဝယ်တပ်ပေါင်းစု စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံလူဦးရေ ထက်ဝက်ကျော်သည် ထားဝယ်မြို့ပေါ်နှင့် ဘေးလွတ်ရာ ကျေးရွာများသို့ အပြီးပိုင် ပြောင်းရွှေ့နေထိုင်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေ ၃၁ ရက်က စစ်ကောင်စီတပ်သည် ထားဝယ်အရှေ့တော ဒေသရှိ သင်္ကန်းတုံးကျေးရွာကို စစ်ကြောင်း ဝင်ရောက်လာပြီးနောက် နေအိမ် ၆ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့၏ တိုက်ပွဲများတွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသုတေသနအဖွဲ့အစည်းများက သတင်းထုတ်ပြန်ခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here