တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ် အထူးစီးပွားရေးဇုန် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီဘက်က တပ်အင်အား ၉၀၀ ကျော်နှင့် စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံက သိရသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန် အနီးဝန်းကျင် ကျေးရွာများဖြစ်သည့် စခန်းကြီးကျေးရွာကို တပ်အင်အား ၅၀၀ ကျော်နှင့် စစ်ကြောင်းထိုးဝင်ရောက်လာသလို မောင်းမကန်ဝန်းကျင်တွင်လည်း အင်အား ၁၀၀ ခန့် တပ်ဖြန့်ထားသည်ဟု ဆိုသည်။
မတ်လ ၃၁ ရက်နေ့တွင်လည်း ကံပေါက်ကျေးရွာဘက်ကနေ ဇာဒီကျေးရွာဘက်ကို စစ်ကောင်စီတပ်အင်အား ၃၀၀ ကျော် ထပ်မံဝင်ရောက်လာသည့်အတွက် ဒေသတော်လှန်ရေးတပ်ဖွဲ့တို့နှင့် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း သိရသည်။
ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဝင်ရောက်လာမှုဟာ ထားဝယ်အထူးစီးပွားရေးဇုန် အနီးပတ်ဝန်းကျင် နယ်မြေရှင်းလင်းလုပ်ဆောင်ဖို့ ဖြစ်နိုင်ပါတယ်” ပြောဆိုသည်။
ယခုလို စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပယ၊ ခွေးမဖော၊ ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော်၊ ခရင်းချောင်းနှင့် နဘုလယ်ဒေသတို့တွင် တိုက်ပွဲကြီးများဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံ ထောင်နှင့်ချီမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဒေသခံများ ပြောပြချက်အရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့် အဆိုပါဒေသတို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ဖြတ်တောက်ထားသည်ဟု ၎င်းတို့က ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင်လည်း ထားဝယ်အထူးစီးပွားရေးဇုန်အနီး လဲရှောင်ကျေးရွာတဝိုက်၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှုရခဲ့ပြီးနောက် စစ်ကောင်စီက အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကို အင်အားသုံးပြီး ထိုးစစ်ဆင်ရန်ကြိုးစားလာခြင်းဖြစ်သည်ဟု ဒေသတော်လှန်ရေးတပ်များက ပြောဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။