တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြေပြင်သတင်းရင်းမြစ်များ ပြောဆိုမှုအရ သိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များအကြား မတ်လ ၂၄ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။
နှစ်ဖက်တိုက်ပွဲကြောင့် လဲရှောင်၊ ထိန်ကြီး၊ ပရဒပ်၊ ခမောင်းချောင်း၊ ဧကနိစသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာနေရာများကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကတည်းက အင်အား ၂၀၀ လောက်နှင့် နဘုလည်ဒေသဘက်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှုရပြီးနောက် မတ်လ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဆိုသည်။
ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၈၄၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။