တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
အင်အားအများအပြားပါသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းကစပြီး ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ဧရိယာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။
ထိုသို့စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နဘုလယ်၊ မူးဒူ၊ နဘုတန်း၊ သကျက်နီ စသည့် ကျေးရွာများက ဒေသခံ ၂၀၀၀ ကျော်က ဘေးလွတ်ရာတောတောင်များဆီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာချိန်တွင် လမ်း၌တွေ့သမျှ အရပ်သား ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးမှုတို့ ပြုလုပ်လေ့ရှိတာကြောင့် ဒေသခံများက စိုးရိမ်စိတ်တို့ဖြင့် နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေသည်ဟု အဆိုပါဒေသခံ အမျိုးသားက ပြောသည်။
လက်ရှိ၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမျိုးမရှိဘဲ ထားဝယ်အထူးစီးပွားရေးဇုန်ဘက်ကို ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
တဖက်တွင်လည်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် နှစ်လယ်ပိုင်း၌ ရုရှားနိုင်ငံနှင့် ဆွေးနွေးမှုတို့ လုပ်ဆောင်နေသည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသလို ယခုနှစ်အစပိုင်းတွင်လည်း စီမံကိန်းကို ပြန်လည်အကောင်အထည်အဖော်မည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ပြောထားသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာထဲ ၂၀၂၂ ခုနှစ်ကပြီး စစ်ကောင်စီတပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သလို စစ်ကြောင်းထိုးသည့်အခါတိုင်းတွင်လည်း ဒေသတော်လှန်ရေးတပ်တို့နှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့ကလည်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ဧရိယာ ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာအများအပြားက ထောင်နဲ့ချီသည့် ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။