ထားဝယ်ရှိ ဝန်ကြီးများအိမ်ရာ လက်နက်ကြီးဖြင့် တတိယအကြိမ် တိုက်ခိုက်ခံရ

0
310
ပုံစာ - ထားဝယ်ရှိ ဝန်ကြီးများအိမ်ရာပြမြေပုံ။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ လုံခြုံရေး တင်းကြပ်ထားသည့် စစ်ကောင်စီ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အိမ်ရာကို လက်နက်ကြီးဖြင့် တတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု ‌မြို့ခံများက ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့၊ ည ၈ နာရီခွဲခန့်က ၈၁ မမ စိန်ပြောင်းဖြင့် လက်နက်ကြီးကျည် ခုနစ်လုံး အသုံးပြု၍ တိုင်းလွှတ်တော် ဝန်ကြီးများ အိမ်ရာကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – LLPDF က ဇူလိုင်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဝန်ကြီးများအိမ်ရာ အနီးရှိ ဝဲကျွန်းမြို့သစ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “ညဘက် အစောကြီး ရှိသေးတယ်။ တဂျိမ်းဂျိမ်းနဲ့ ပေါက်ကွဲသံတွေ ကြားရတာ။ ဝန်ကြီးအိမ်ရာဝင်းထဲမှာ ပေါက်ကွဲသံတွေ ပိုများတယ်။ နေရာက နီးနေတော့ အိမ်တွေပါ တုန်တယ်” ဟု ပြောသည်။

ဝန်ကြီးများအိမ်ရာကို့ မေလ ၃၁ ရက်နေ့ ညက ပထမအကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဇူလိုင်လ ၁၆ ရက်နေ့ ညတွင် ဒုတိယအကြိမ် ထပ်မံ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရခြင်းကြောင့် ယခုတကြိမ် ထပ်မံ တိုက်ခိုက် ခံရမှုသည် တတိယအကြိမ်မြောက် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့ ညက ဝန်ကြီးအိမ်ရာ ပစ်ခတ်ခံရပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ထားဝယ်မြို့အနီး သဲပုံတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီ၏ လက်နက်ကြီး ကုန်းဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ကို ကြားရသည်ဟု ထိုဒေသခံအမျိုးသမီးက ပြောဆိုသည်။

ယခုကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ချိန်တွင် လူနေရပ်ကွက် နေအိမ်များပေါ်သို့ ဗုံးသီးများ ကျရောက် ပေါက်ကွဲလာမည်ကို ဒေသခံများက စိုးရိမ်စိတ်ပူပန် ခဲ့ကြသည်ဟု ထားဝယ်မြို့ခံများက ပြောသည်။

ဝန်ကြီးများ အိမ်ရာတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အထူးပြောက်ကျား
တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများအား အတည်ပြု ထုတ်ပြန်ပေးနိုင် ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း LLPDF ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အလားတူ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး လွှတ်တော် ဝန်ကြီးအိမ်ရာ၊ နယ်စပ်ရေးရာဌာနရုံးနှင့် ကမြောကင်း တံတားအနီး ကင်းပုန်းချထားသော စစ်ကောင်စီတပ်များကို LLPDF တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့၊ ည ၁၁ နာရီအချိန်တွင် ၈၁ မမ လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်ခဲ့သေးသည်ဟု ထုတ်ပြန်ထားသည်။

ထားဝယ်မြို့အတွင်း တိုက်ခိုက်မှုများအပြင် ပြီးခဲ့တဲ့ရက်ပိုင်းတွင်လည်း လောင်းလုံးမြို့နယ်ရှိ မောင်းမကန် ရဲစခန်းကို လောင်းလုံးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ကြောင့် ရဲစခန်းအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်သား ၂ ဦး သေဆုံးခဲ့ပြီး ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ၂ ဦး ရှိခဲ့သည်ဟု ဒေသခံများက အတည်ပြု ပြောဆိုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here