တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်အတွင်းကနေ ကျေးရွာများဘက်သို့ ကျောင်းသုံးစာရေး ကိရိယာပစ္စည်းအများအပြားအား သယ်ဆောင်ဖြတ်သန်းရာတွင် စစ်ကောင်စီတပ်ဂိတ်များက ပိတ်ပင်လျက်ရှိနေကြောင်း ကရင်ပညာရေးနှင့် ယဥ်ကျေးမှုဌာန – KECD နှင့် ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီက ထားဝယ်ဒေသအတွင်း ဆန်၊ ဆီနှင့် အခြားသောကုန်ပစ္စည်းအများအပြား လွတ်လပ်စွာ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားသည်မှာ ၂၀၂၂ ခုနှစ်ကနေ လက်ရှိအချိန်ထိဖြစ်ပြီး ထိုသို့ တားမြစ်ပိတ်ပင်မှုတွင် ကျေးရွာစာသင်ကျောင်းများက မှာယူကြသည့် ကျောင်းသုံးပစ္စည်းများလည်းပါဝင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
KECD ၏ ဒေသခံ တာဝန်ရှိဆရာမတစ်ဦးက “မြို့ကနေ ရွာတွေဘက်က စစ်ဆေးရေးဂိတ်တွေများတယ်။ စာရေးပစ္စည်းကိရိယာ မှာချင်တဲ့သူဆို ဆိုင်ပစ္စည်းတွေထဲမှာ ဒီနားနည်းနည်းထိုးလိုက် ဟိုနားနည်းနည်းထိုးလိုက် သယ်ရတယ်။ သယ်ခွင့်တော့ ပေးတယ်၊ အများကြီး သယ်မရတာ” ဟု ပြောပါသည်။
တနင်္သာရီတိုင်းသည် ကရင်အမျိုးသားအစည်းအရုံး – KNU ၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၄) အတွင်း တည်ရှိပြီး ၂၀၂၁ နောက်ပိုင်း တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခုလို စစ်ဆေးပိတ်ပင်မှုများ ပိုမိုတင်းကြပ်ထားခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် ဒေသခံပြည်သူများ သွားလာရေးနှင့် စားသောက်နေထိုင်ရေးတွင် ကျပ်တည်းလာရသလို ဒေသတွင်း ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်လျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
“တိုက်ပွဲဖြစ်ရင် လမ်းကတစ်ပတ်လောက်ပိတ်ပြီ။ ကုန်ပစ္စည်းတင်တဲ့ကားဆိုသပ်သပ် လူသပ်သပ်ခွဲတင်မှ ရောတင်လို့မရဘူး။ အစစ်အဆေးကတော့ အဓိက KNU နယ်မြေမှာရှိတဲ့ ရွာတွေကလာသူတွေကို ပိုစစ်တာ။ အဲဒီလို ကန့်သတ်တာတွေများတော့ ဈေးတက်တယ်၊ ပစ္စည်းတွေပြတ်တယ်။ အခုဆိုဆန်က ဆန်ကြမ်းတစ်အိတ် ၁ သိန်းကျော်တယ် ဓာတ်ဆီတစ်လီတာဆိုရင် ၂ သောင်းပေးရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အခြေအနေကြောင့် ရွာနေဒေသခံအများစုသည် နေ့စဥ်ဘဝရပ်တည်ရေးအတွက် တောင်ယာစိုက်ပျိုးရေးကို အားထားလုပ်ကိုင်ကြသူ များပြားလာသည်ဟု ဆိုသည်။
တဖက်တွင်လည်း ကျောင်းသုံးစာရေးကိရိယာ ပြတ်လပ်မှုမရှိစေရန် KECD က အစီအမံဖြင့် ဆောင်ရွက်နေရသည်ဟု နယ်ခံများနှင့် KECD ဆိုင်ရာ တာဝန်ရှိသူတို့က ပြောဆိုသည်။
ထားဝယ်မြို့နယ်အတွင်း မြို့ပေါ်ကနေ ကျေးရွာများတလျှောက်၌ စစ်ကောင်စီဂိတ်စခန်းများအပြင် တော်လှန်ရေးအင်အားစု တပ်စွဲထားသည့် ဂိတ်များပါရှိသော်လည်း ၎င်းတို့က မူးယစ်ဆေးဝါးသယ်ဆောင်မှုကိုသာ အဓိကထား စစ်ဆေးသဖြင့် စားသောက်ကုန်နှင့် ကျောင်းသုံးပစ္စည်းများ သယ်ဆောင်သွားလာရေးအတွက် အခက်အခဲမရှိကြောင်း ဒေသခံတို့က ပြောသည်။
သို့သော် ကုန်ပစ္စည်းအပါအဝင် ခရီးဖြတ်သန်းသွားလာသူများအား တင်းကြပ်စစ်ဆေးလျက်ရှိသည့် ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကြောင့် ကျေးလက်နေပြည်သူများမှာ အရေးကြီးကိစ္စမရှိပါက မြို့ပေါ်သို့ အသွားအလာ မလုပ်ဝံ့တော့ဟု ကျေးရွာနေဒေသခံများက ပြောဆိုသည်။
KIC ပေးပို့သည်။