ထားဝယ်ပစ်ခတ်မှုအတွင်း လယ်ယာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

0
334
ပုံစာ - ထားဝယ်ပစ်ခတ်မှု ဖြစ်ပွားရာနေရာ (Photo- CJ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီး ဖြစ်ပွားခဲ့သည့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုပြီးနောက် လယ်ယာလုပ်သား ၄ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောပါသည်။

နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၁၀ နာရီခန့်က ခရီးသွားပြည်သူများကို စစ်ဆေးနေသည့် ယာဉ်ထိန်းရဲအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီး အလစ်ငိုက်တိုက်ခိုက် ခံရသည့် စစ်ကောင်စီဘက်က ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၃ ဦး ထိခိုက်သွားကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က အိမ်ရှေ့ပြင်ဂိတ်အနီး လယ်ကွင်းထဲတွင် သီးနှံစိုက်ပျိုးနေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး တို့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ကြောင် ဒေသခံများက ပြောပါသည်။

ဖမ်းဆီးသွားသော ဒေသခံများကို စစ်ကောင်စီက မည်သည့်နေရာသို့ ခေါ်ယူဖမ်းဆီးသွားလဲဆိုတာ မိသားစုဝင်များ လိုက်လံစုံစမ်းနေသော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်တပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် ဒေသခံ ၁၇၆၀ ကျော် ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here