ထားဝယ်ထောင်ရှိ နိုင်ငံရေးအကျဉ်သားများ ဆေးကုသခွင့်မရ

0
310
Photo - Dawei Watch

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးအကျဉ်းချခံနေရသော နိုင်ငံရေး အကျဉ်းသားများ ဆေးကုသခွင့်မရဘဲ နည်းလမ်းမျိုးစုံးသုံးပြီး ဖိနှိပ်ခံနေရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် DPPN ထံမှ သိရသည်။

ထားဝယ်အကျဉ်းထောင်မှ ထောင်အာဏာပိုင်များသည် ထောင်တွင်းအကျဉ်းသားများအနက် နိုင်ငံရေး အကျဉ်းသားများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ဖိနှိပ်လေ့ရှိသလို ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဟု DPPN က ပြောဆိုသည်။

ဆေးကုသခွင့်မရခြင်းကြောင့် အသက် ၅၇ နှစ်အရွယ် နိုင်ငံရေးအကျဉ်သား ဦးထွန်းဝေသည် မျက်စိကွယ်သွားခဲ့ ရကြောင်းလည်း DPPN က ဇန်နဝါရီ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဦးထွန်းဝေသည် မျက်စိတိမ်စွဲရောဂါကြောင့် လွန်ခဲ့သည့် ၆ လလောက် ကတည်းက ပြင်ပတွင် ဆေးကုသခွင့်ပေးဖို့ ထောင်အာဏာပိုင်များထံ တင်ပြတောင်းဆိုခဲ့သော်လည်း ဆေးကုသခွင့်မရခဲ့ဘဲ ယခု ဇန်နဝါရီလအတွင်း မျက်စိ ကွယ်သွားရခြင်း ဖြစ်သည်ဟု DPPN ထံမှသိရသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ဦးထွန်းဝေကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း၌ စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၀၅ (က) တို့ဖြင့် ထောင်ဒဏ် ၉ နှစ် အမိန့်ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထားဝယ်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေအနေနှင့် ကျန်းမာရေးကိစ္စ ဖြစ်လာပါက ထောင်ဆေးရုံက ပေးသည့် မဖြစ်စလောက် ဆေးဝါးများနှင့်သာ ဆေးကုသနေရပြီး ရောဂါကြီးမားပါကလည်း ပြင်ပဆေးရုံများတွင် ဆေးကုသခွင့် လုံးဝမရှိကြောင်းလည်း ပြန်လည်လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သိရပါသည်။

ယမန်နှစ် အောက်တိုဘာလကလည်း ထားဝယ်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ချခံထားရသည့် နိုင်ငံရေး အကျဉ်းသား ဦးကျော်သိန်းဟာ အမောဖောက်သဖြင့် ထောင်တွင်းဆေးခန်းမှတဆင့် ထားဝယ်ဆေးရုံကြီးသို့ လွှဲပြောင်းတင်ပို့စဉ် သေဆုံးသွားခဲ့သည်။

ထားဝယ်အကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်သား၊ အကျဉ်းသူ ၄၀၀ နီးပါး ရှိနေပြီး ထောင်အာဏာပိုင်များ၏ အကြမ်းဖက်ဖိနှိပ်ခြင်း၊ ရိုက်နက်ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံစားနေရ ကြောင်းလည်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here