ထားဝယ်တွင် ရိက္ခာလာကောက်သည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

0
155
Photo - Dawei PDF

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသသို့ ကျောက်မဲတောင်ဗျူဟာကနေ ရိက္ခာလာကောက်သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် အနည်းဆုံး ၅ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟု တော်လှန်ရေးအင်အားစုတပ်ဖွဲ့ထံက သိရသည်။

တော်လှန်ရေးအင်အားစုများ ဝိုင်းရံပိတ်ဆို့ထားသည့် ကျောက်မဲတောင်ဗျူဟာအနီးဝန်းကျင်ကို ဧပြီ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ်များနှင့် လက်နက်ခဲယမ်း၊ ရိက္ခာထုပ်များ လာရောက် ချပေးသွားခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ကျောက်မဲတောင်ဗျူဟာကနေ ရိက္ခာလာကောက်ရန် ထွက်လာသည့် စစ်ကောင်စီတပ်ကို တော်လှန် ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ရာ အချိန် ၃ နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

စစ်ကောင်စီတပ်က ကျောက်မဲတောင်ဗျူဟာအတွက် ရဟတ်ယာဉ်နှင့် လက်နက်ခဲယမ်း၊ ရိက္ခာဆေးဝါး အထုပ်ပေါင်း ၁၂ ထုပ် လာချခဲ့ရာတွင် ယင်းတို့ထဲက ဆေးထုပ်တစ်ထုပ်ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က ကျောက်မဲတောင်ကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင် အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့သည်။

ထားဝယ်အရှေ့တောဒေသရှိ ကျောက်မဲတောင် ရဲစခန်းအပါအဝင် စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများကို ပြီးခဲ့သည့် မတ်လကစပြီး တော်လှန်ရေးပူးပေါင်းတပ်များက ဝိုင်းရံပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီဘက်က ကုန်းလမ်းကို အသုံးမပြုရဲတော့ဘဲ လေကြောင်းကနေ လက်နက်နဲ့ ရိက္ခာများ ဖြည့်တင်းနေခြင်း ဖြစ်သည်။

ထားဝယ်မြို့နယ် အရှေ့တောဒေသ တိုက်ပွဲတွေကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်းနှင့် မေတ္တာမြို့က ဒေသခံ ထောင်ချီသည် နှစ်လကျော်ကြာ စစ်ရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင် ကြသေးကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here