26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းထားဝယ်တွင် စစ်တပ်လက်နက်ကြီးကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူ

ထားဝယ်တွင် စစ်တပ်လက်နက်ကြီးကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် စော်ဝကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူကြောင်း ဒေသခံများက ပြောဆိုသည်။

ဇွန် ၁ ရက်နေ့ ည ၃ နာရီခန့်က ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနှင့်ပစ်ခတ်ရာက စော်ဝကျေးရွာ သစ်ဆိမ့်ပင်ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ၏ဦးခေါင်း လက်နက်ကြီးစထိမှန်ပြီး ပျံလွန်တော်မူသွားကြောင်း ဒေသခံတို့က ပြောသည်။

ယင်းနေ့မှာပင် ထားဝယ်မြို့နယ် ရွှေဂူတံတားအနီးဝန်းကျင်ကို စစ်ကောင်စီတပ် လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတို့ ပြောပြချက်အရ သိရသည်။

ဒေသခံများပြောဆိုမှုအရ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်စဉ် ထားဝယ်မြို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ကူပေးရာကနေ ဘုန်းကြီးအပါအဝင် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေဂူတံတားတိုက်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲဘက်ကလည်း လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။

သံလွင်တိုင်းမ် ပေးပို့သည်။