တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ၊ ထားဝယ် – ရေး ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တစ်စီး ကြားဖြတ် တိုက်ခိုက်ခံရတာကြောင့် အရာခံဗိုလ်အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ DGRF က ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ထားဝယ်အခြေစိုက် စစ်ကောင်စီ အမှတ် (၃၀၂) အမြောက်တပ်ကနေ ထွက်လာသော စစ်ကားတစ်စီးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ကောင်စီယာဉ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ယာဉ်လမ်းဘေးထိုးကျသွားပြီး ယာဉ်ပေါ် ပါလာသည့် အရာခံဗိုလ်တစ်ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။
တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းများ ကောက်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အမြောက်တပ်နှင့် နီးနေသည့်အတွက် အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ DGRF တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အလောင်းများကို လာကောက်ယူ သွားပြီး လမ်းဘေးထိုးကျနေသည့် စစ်ကားကိုလည်း ကရိန်းနှင့် လာဆွဲသွားကြောင်း ၎င်းက ဆက်လက် ပြောသည်။
စစ်ကောင်စီယာဉ် ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်သည် အနီးအနားရှိ ထန်းရည်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် အရပ်သားပြည်သူ ၂ ဦးကိုလည်း စစ်ကောင်စီက ပစ်သတ်သွားကြောင်း DGRF အဖွဲ့ဘက်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ကလည်း ထားဝယ်မြို့ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။