ထားဝယ်တွင် စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့်ကားနှစ်စီး ခြုံခိုတိုက်ခံရပြီး အများအပြားသေဆုံး

0
209

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း စစ်သည်အင်အား အပြည့်တင်ဆောင် မောင်းနှင်လာသည့် မြေသယ်ကား ၂ စီး တိုက်ခိုက်ခံရပြီး စစ်သား အယောက် ၄၀ နီးပါးခန့် သေဆုံးသွားသည်ဟု ဗထူးတပ်မတော် (BHA) တာဝန်ရှိသူများက ပြောဆိုသည်။

အဆိုပါ မြေသယ်ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်ဟု ဗထူးတပ်မတော် – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တဲ့အချိန် ကားမှောက်သွားတာ၊ မှောက်တဲ့ အချိန်မှာ ၄၀ မမနဲ့ ထပ်ပစ်လိုက်သေး တယ်၊ လက်နက်တွေတော့ မရလိုက်ဘူး၊ ကားမှောက်တဲ့အချိန်မှာ ရှေ့ကနေ ကျော်သွားတဲ့ကားက ပြန်ရောက် လာတာကြောင့်ပါ” ဟု ဗထူးတပ်မတော်တာဝန်ရှိသူက ပြောသည်။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ဘက်မှ ထားဝယ်ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မြေသယ်ကား ၂ စီးကို မောင်မယ်ရှောင်ကျေးရွာ အနီးလမ်းကွေ့ (ဒေသအခေါ် – ဟားလိကွေ့ ) အလွန်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် ကား ၁ စီး လမ်းဘေးထိုးကျ တိမ်းမှောက်သွားခဲ့ပြီး ကားပေါ်ပါ စစ်သား ၄၀ ခန့် သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု​ တိုက်ခိုက်ရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သား အလောင်းများကို တိုက်ပွဲဖြစ်ပွား ပြီးပြီးချင်းမှာပင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့က သယ်ဆောင်သွားခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မတော် – BHA တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်တွင် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် မောင်မယ်ရှောင်ရွာသားများ ရွာလုံးကျွတ်နီးပါး နီးစပ်ရာ ဘေးလွှတ်နိုင်မည့် နေရာများသို့ ရှောင်တိမ်းနေကြရပြီး မကြာခဏ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျေးရွာမှပြောင်းရွှေ့သွားသူ မိသားစုများ လည်း ရှိနေကြောင်း ရွာသားတစ်ဦးက ပြောဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီအား စစ်ရေးအရှိန်မြင့်၍ အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်သွားမည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိဖြင့် သွားလာနေထိုင်ကြရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များ၊ တော်လှန်ရေးပူးပေါင်းအဖွဲ့များက အသိပေး ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီနှင့် လက်အောက်ခံတပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့ ရင်ခွင်ဆီ အမြန်ဆုံး ခိုလှုံဝင်ရောက်ကြရန် ဗထူးတပ်မတော် – BHA က တိုက်တွန်းထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here