တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထားဝယ်-ထီးခီး လမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့က ထားဝယ်မြို့မှ ထားဝယ်-ထီးခီး လမ်းအတိုင်း အင်အား ၃၀၀ ဝန်းကျင်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျက်စစ်ကြောင်းနှင့် ကား ၁၇ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို သင်္ကန်းတုန်းကျေးရွာအနီးတွင် ပူးပေါင်းအဖွဲ့တွေက သုံးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဗထူး တပ်မတော်၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ပြောဆိုသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် သင်္ကန်းတုန်းကျေးရွာတွင် တပ်စွဲထားတာကြောင့် ကျေးရွာ အတွင်းရှိ ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဗထူး တပ်မတော် (BHA)၊ ထားဝယ်စုပေါင်းစစ်ကြောင်း (DCC)၊ Dawei Defense Team (DDT) တပ်ခွဲ (၂) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နှစ်ဖက်တပ်အကြား တိုက်ပွဲ ၄၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရက်ရှည်တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်