ထပ်တိုးလာသည့် ကရင်နီစစ်ရှောင်တွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာများ လိုအပ်နေ

0
331
ပုံစာ - တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီစစ်ရှောင်တချို့။

ပြီးခဲ့သည့် ဇွန်လက ကရင်နီ (ကယား) ပြည် ဒေသတွင်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီ စစ်ရှောင်ဦးရေ ထောင်နဲ့ချီပြီး တိုးလာတဲ့အတွက် လတ်တလောမှာ အမိုးအကာနဲ့ စားနပ်ရိက္ခာများ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေက ပြောသည်။

ဇွန်လအတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ မယ်စဲ့၊ ရွာသစ်၊ ဖားဆောင်းမြို့နယ် အတွင်းက စစ်ရှောင်ဒေသခံတွေနဲ့ လတ်တလော တိုက်ပွဲဖြစ်ပွားနေသည့် ယာဒိုကျေးရွာဘက်က စစ်ရှောင်ဒေသခံ လူထုတွေအတွက် အဓိက လိုအပ်နေတာ ဖြစ်တယ်လို့ ကူညီပေးသူတွေက ပြောဆိုသည်။

စစ်ရှောင်ဒေသခံ လူထုတွေဟာ တောတောင်ထဲမှာပင် နေထိုင်ကြရဆဲဖြစ်ပြီး နေရာထိုင်ခင်း အဆင်မပြေသလို မိုးရာသီကာလ ဖြစ်တဲ့အတွက် မိုးကာနဲ့ စားနပ်ရိက္ခာ အထူးလိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အဖွဲ့ဝင် ဦးဗညားက ပြောသည်။

“ရွာသစ် စစ်ရှောင်အုပ်စုရယ်၊ ယာဒိုကနေ စစ်ရှောင်အုပ်စုရယ် ဖားဆောင်း၊ မယ်စဲ့ တောက်လျှောက် အုပ်စုကတော့ အမိုးအကာ အပြင် နောက်ထပ် တကယ်လိုအပ်တာက စားနပ်ရိက္ခာပဲ။ ဘာဖြစ်လို့လဲဆိုရင် အဲ့နားတခွင်က ကြည့်လိုက်ရင်တော့ ကရင်နီပြည်နယ်ရဲ့ အစွန်အဖျားတချို့ ပါတယ်။ တချို့က လူသူတခါမှ သွားဖူးတဲ့နေရာ မပါဘူး။ ရွာသစ်ဘက်ဆိုရင် လူသူအသွားနည်းတယ်။ နောက် အခုရှောင်တဲ့နေရာက တကယ့်ကို တောထဲတောင်ထဲ ချောင်းထဲ၊ မြောင်းထဲ ဖြစ်တော့ စားနပ်ရိက္ခာက ဘယ်လိုမှ ရှိမှာ မဟုတ်ဘူးပေါ့။ ပိုက်ဆံရှိရင် တောင်မှ ရှာဝယ်လို့ မရဘူးပေါ့နော့။ လမ်းကြောင်းကလည်း မပေါက်ဘူးပေါ့။ တကယ့်ကို ခက်ခက်ခဲခဲ သွားလာရတဲ့ အတွက်ကြောင့် သူတို့ရဲ့လိုအပ်ချက်ကတော့ စားနပ်ရိက္ခာ၊ အမိုးအကာ အရမ်းကို လိုအပ်တယ်” လို့ ဦးဗညားက ပြောသည်။

လက်ရှိတွင်လည်း ထိုင်းနိုင်ငံနယ်စပ်ရောက် စစ်ရှောင်လူထုအတွက် ကရင်နီစစ်ရှောင် ကူညီနေသူတွေက မိုးကာကမ်ပိန်း ပြုလုပ်လျက်ရှိသည်။ အဆိုပါမိုးကာကမ်ပိန်းတွင် တစ်ဦးချင်း (သို့) အစုအဖွဲ့ဖြင့်လည်းကောင်း Facebook Link (https://www.facebook.com/profile.php?id=100093718110750) ကို ဆက်သွယ်လှူဒါန်း နိုင်တယ်လို့ အသိပေးထားသည်။

စစ်ရှောင်အမျိုးသားတစ်ဦးက “ မြေပြင်မှာက တကယ်ကို လိုအပ်နေတာပါ။ ရုတ်တရက် ထပြေးလိုက်ရတဲ့ မိသားစုတွေက အများကြီးပဲ။ မိုးကာပေါ့ အထူးသဖြင့်က နေရာအတည်တကျ မရှိသေးရင်တောင် နေထိုင်ဖို့က မိုးကာ လိုတယ်။ စားနပ်ရိက္ခာလည်း လိုတယ်။ ရေရှည်အတွက်ဆို တိုက်ပွဲတွေကလည်း မငြိမ်သေးတော့ စစ်ရှောင်လူထုတွေအတွက် လိုအပ်ချက်တွေကတော့ ရှိနေအုံးမှာပဲ။ ထောက်ပံ့ပေးကူကြဖို့ကိုလည်း တောင်းဆိုပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လကစပြီး ကရင်နီပြည် နေရာအနှံ့အပြားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံဘက်ခြမ်းကို ကရင်နီစစ်ရှောင် လူဦးရေ ၉၀၀၀ ကျော် ရောက်ရှိနေသည်ဟု ကူညီပေးသူများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် ဒေသတွင်း ထိတွေ့တိုက်ပွဲတွေကြောင့် လက်ရှိတွင် ကရင်နီပြည်နယ်၊ ရှမ်း- ကရင်နီ နယ်စပ်ရှိ ဒေသခံလူထု ၂ သိန်း ၇ သောင်းဝန်းကျင်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းများအရ သိရသည်။

ကန္တာရဝတီတိုင်း(မ်)- မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here