27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းတွန်းဇံမြို့၊ မွာလ်ကွေးရွာက ZRA စခန်းကို CDF-Tonzang တိုက်ခိုက်သိမ်းပိုက်

တွန်းဇံမြို့၊ မွာလ်ကွေးရွာက ZRA စခန်းကို CDF-Tonzang တိုက်ခိုက်သိမ်းပိုက်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက မွာလ်ကွေး (Muelkawi) တွင် CDF-Tonzang နှင့် ဇိုမီးတော်လှန်ရေးတပ် ZRA – EC တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီး ZRA-EC မှ ရဲဘော် ၂ ဦး သေဆုံးခဲ့သည်ဟု CDF – Tonzang ထံမှ သိရသည်။

ဇွန်လ ၉ ရက်နေ့က ဇိုမီးတော်လှန်ရေးတပ် ZRA – EC ၏ မွာလ်ကွေးရွာ စစ်စခန်းကို ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF-Tonzang က ဇိုမိုးမုန်စစ်ဆင်ရေးအမည်ဖြင့် စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကာ တစ်နာရီဝန်းကျင်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စခန်းကိုသိမ်းပိုက်ရရှိသည်ဟု သိရသည်။

တိုက်ပွဲတွင် ZRA – EC တပ်သား အလောင်း ၂ လောင်းရရှိခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ် သေနတ် ၄ လက်၊ ဒရုန်း ၂ စီး၊ ကား ၁ စီး၊ ဆိုင်ကယ် ၇ စီး၊ မီးစက် ၁ လုံး၊ ကျည်ဘောက်နှင့် ကျည်ဆန်တချို့၊ အခြားပစ္စည်းများကိုလည်း သိမ်းဆည်းရမိသည်ဟု CDF-Tonzang က ဆိုသည်။

ဇိုမီးတော်လှန်ရေးတပ်သည် တွန်းဇံမြို့ကို ပြန်လည်တိုက်ခိုက်သိမ်းယူမည်ဟု မကြာခဏထုတ်ဖော်ပြောဆိုပြီး ကျီးခါးမြို့၊ စိန်ဂဲလ်း၊ မွှာလ်ကွေးကျေးရွာတို့မှ အခြေပြု၍ တွန်းဇံမြို့ကို ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

CDF – Tonzang သည် မိမိကိုယ်ကို ကြိုတင်ကာကွယ်ရေး အနေဖြင့်သော်လည်းကောင်း၊ အရင်မွာလ်ကွေး တိုက်ပွဲတွင် ကျန်ရှိနေသော CDF – Tonzang ရဲဘော် ၄ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရယူလို၍လည်းကောင်း မွာလ်ကွေးရွာအခြေစိုက် ZRA တပ်စခန်းကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ပြန်လည်ရရှိလာသော CDF – Tonzang ရဲဘော် ၄ ဦး၏ ရုပ်အလောင်းများကို ဇွန်လ ၁၀ ရက်တွင် သဂြိုလ်ရန်ပြင်ဆင်နေသည်ဟု CDF – Tonzang နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ CDF – Tonzang ပြောရေးဆိုခွင့်ရှိသူ ပူးထန်ဆွန်းမုန်ထံ ဆက်သွယ်သော်လည်း ဆက်သွယ်လို့မရသေးပါ။

CDF – Tonzang ၏ Zopi nak စခန်းနှင့် လုံဂိုးစခန်းတို့ကိုလည်း ဇိုမီးတော်လှန်ရေးတပ်သည် စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

CDF – Tonzang သည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်ပြီး တွန်းဇန်မြို့နယ်တွင် အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော် လည်ပတ်လျက်ရှိသည်ဟု သိရသည်။

ဇိုမီးတော်လှန်ရေးတပ် – ZRA (EC) သည် တွန်းဇန်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များ မသိမ်းပိုက်မီက စစ်ကောင်စီတပ်နှင့်ပူးတွဲ၍ တွန်းဇံမြို့ပေါ်တွင် တပ်စွဲခဲ့သည်ဟု သိရသည်။

KMG ပေးပို့သည်။