တွန်းဇံမြို့ပေါ်တိုက်ပွဲ အမျိုးသား ၁ ဦး သေဆုံး၊ အမျိုးသမီး ၁ ဦး အပါအဝင် ကလေး ၂ ဦး ဒဏ်ရာရ

0
433

ချင်းပြည်နယ် တွန်းဇံမြို့ပေါ်တွင် ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အရပ်သား ၁ ဦးသေဆုံးပြီး အမျိုးသမီးနှင့် ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂ ရက်နေ့ မနက်အစောပိုင်း ၄ နာရီခန့်မှ စတင်ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် တွန်းဇံမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့ အကြား နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ နှစ်ဘက်တိုက်ပွဲအပြီးတွင် ရဲစခန်းအနီးနေထိုင်သူ ဒေသခံလင်မယားနှစ်ဦး ဆိုင်ကယ်ဖြင့် ထွက်ပြေးရာမှ ရဲစခန်းဘက်မှ ပစ်ခတ်ခံရသောကြောင့် အမျိုးသားဖြစ်သူ ဦးမန်ရှန်းကျိန် (အသက် ၂၇ နှစ်) အား သေနတ်ထိမှန် သေဆုံးခဲ့သည်။ ၎င်း၏အမျိုးသမီးမှာ ဝမ်းဗိုက်တွင် ဒါဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ပစ်ခတ်တာ ရပ်သွားပြီလို့ထင်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးကြတာ ရဲစခန်းဘက်ကနေ ပစ်ခတ်လို့ ယောကျာ်းဖြစ်သူက ဆုံးသွားတယ်။ ပြီးတော့ သူ့အမျိုးသမီးက ဝမ်းဗိုက်မှာ ဒါဏ်ရာရလို့ ဆေးရုံပို့တာ ဒါဏ်ရာတော်တော် ပြင်းထန်တယ်လို့ကြားတယ်” ဟု ဒေသခံလင်မယားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အလားတူ ယင်းတိုက်ပွဲအတွင်း လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၈ နှစ် အရွယ် နှင့် ၁၂ နှစ်အရွယ်ရှိ ကလေးငယ် ၂ ဦးလည်း လက်နက်ကြီး‌ကျည်စ ထိမှန်ဒါဏ်ရာရရှိကြောင်း ဒေသခံများထံ သိရသည်။

ဩဂုတ်လ ၂ ရက်နေ့ မနက်စောပိုင်းက ဖြစ်ပွားခဲ့သည့် တွန်းဇံမြို့တိုက်ပွဲတွင် CDF-Hualngoram မှ ရဲဘော် Lalramchuana ကျဆုံးပြီး ၃ ဦး ဒါဏ်ရာရရှိကြောင်းနှင့် စစ်ကောင်စီဘက်မှ သေဆုံးမှု ရှိသော်လည်း အတိအကျ မသိရသေးကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here