10 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းတော်လှန်ရေး ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၉ ဦးအပါအဝင် ၄၇၄ ဦး ကျဆုံး

တော်လှန်ရေး ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၉ ဦးအပါအဝင် ၄၇၄ ဦး ကျဆုံး

ချင်းပြည်နယ်၏ စစ်အာဏာရှင်တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့က အမျိုးသမီးရဲဘော် ၉ ဦးအပါအဝင် ရဲဘော် ၄၇၄ ဦး ကျဆုံးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် – ICA ထံမှ သိရသည်။

စစ်အာဏာသိမ်းယူပြီး ၄ နှစ်တာအတွင်း ချင်းလူမျိုးများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် သုတေသနပြုလုပ်ချက်များကို ချင်းရေးရာအဖွဲ့ချုပ် – ICA က ဖေဖော်ဝါရီလ ၁ ရက်နေတွင် အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

ICA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူဆလိုင်းဗန်ဆွီးစံက “ခုခံတော်လှန်ရေးတပ်ဖွဲ့တွေ ကျဆုံးတာက တိုက်ပွဲဖြစ်ရင်းနဲ့ ကျဆုံးတာက အများဆုံးတွေ့ရတယ်။ အမျိုးသမီးတွေကျဆုံးတာက ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ ဒီလေကြောင်းတိုက်ခိုက်မှု ကြောင့်သော်လည်းကောင်း ကျဆုံးတာတွေကို တွေ့ရှိရပါတယ်” ဟု ပြောသည်။

ချင်းလူငယ်များသည် အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ဆန္ဒပြကြရာမှ အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ခုခံတော်လှန်ရန် နေရာအသီးသီးတွင် တော်လှန်ရေးတပ်ဖွဲ့များတည်ထောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ဆိုသည်။

ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ပြီး တစ်နှစ်အတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ဝန်းကျင် ကျဆုံးပြီး ၄၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ချင်းညီနောင်အဖွဲ့ တည်ထောင်မှုတစ်နှစ်ပြည့်၊ ၂၀၂၄ ဒီဇင်ဘာလက ပြောကြားထားသည်။

၄ နှစ်နီးပါးအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ၂၅၀ ခန့်ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ဝန်းကျင် ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်ဟု ချင်းညီနောင်စစ်ရေးတာဝန်ခံ ကိုထန်းချွန်းဖေက ပြောဆိုထားသည်။

ချင်းပြည်နယ်၏ စစ်အာဏာရှင်တော်လှန်ရေးအတွင်း မြို့ပေါင်း ၁၅ မြို့ကိုလည်း ချင်းခုခံတော်လှန်ရေး အင်အားစုက သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ICA အဖွဲ့က ပြောသည်။

အာဏာသိမ်းမှု ၄ နှစ်တာအတွင်း ချင်းအရပ်သားပြည်သူ ၄၉၁ ဦးသည် စစ်ကောင်စီ၏ နည်းမျိုးစုံဖြင့် သတ်ဖြတ် မှုကြောင့် သေဆုံးခဲ့ရသည်ဟု ICA အဖွဲ့က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၂၄၉ ဦး သေဆုံးပြီး ၄၂၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လူနေအိမ် ၁၂၈၀ ကျော်၊ အစိုးရ အဆောက်အဦး ၃၈ လုံးကျော်နှင့် ဘာသာရေးအဆောက်အဦး ၃၉ လုံးထက်မနည်း ပျက်စီးရသည်ဟု ICA ထံက သိရသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အများအပြားရှိနေသော်လည်း တရားဝင်အသိပေးထုတ်ပြန်ခြင်း မရှိသေးပေ။

ဆလိုင်းဗန်ဆွီးစံက “စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်လာတဲ့အခါမှာ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဗုံးကြဲ တယ်ဆိုတာထက် ပြည်သူတွေရှိတဲ့နေရာကို လေကြောင်းက ဗုံးကြဲတာတွေ မြို့ပြနေရာတွေ၊ လူနေအိမ် ထူထပ်တဲ့နေရာတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကို တော်တော်များများပြုလုပ်လာတာကို တွေ့ရတယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၄၁ ကြိမ်ပြုလုပ်ရာတွင် ဗုံးအလုံးရေ ၁၀၆၁ လုံး ကြဲချတိုက်ခိုက်သည်ဟု ဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်က အသုံးပြုသောမြေမြှုပ်မိုင်းများကြောင့် တောင်ယာသွားသောလမ်းမှ မြေမြှုပ်မိုင်း နင်းမိ၍ ၄ နှစ်အတွင်း ချင်းလူမျိုး ၇၇ ဦး သေဆုံးပြီး ၁၀၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

ချင်းပြည်နယ်တွင် အရပ်သားနေအိမ်များ မီးရှို့ခံရမှုမှာ တနှစ်ထက် တနှစ်ပိုများပြားလာပြီး ၂၀၂၃ ခုနှစ်က မီးရှို့ဖျက်စီးခံရမှု ၄၀၇ လုံးသာ ရှိရာ ၂၀၂၄ ခုနှစ်တွင် ၁၃၀၁ လုံးအထိ နှစ်ဆကျော် ရှိလာခဲ့သည်။

အာဏာသိမ်း ၄ နှစ်အတွင်း ချင်းပြည်နယ်တွင် လူနေအိမ်အဆောက်အဦးပေါင်း ၃၄၇၉ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ICA ထံက သိရသည်။

တော်လှန်ရေးကာလ အိန္ဒိယသို့ စစ်ဘေးရှောင်သူ ချင်းလူမျိုး ၆၅၀၀၀ ကျော် ရှိနေပြီး ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ရသူ ၁၃၀, ၀၀၀ ခန့်ရှိကြောင်း ICA ထံမှ သိရသည်။

ချင်းပြည်နယ်တွင် မြို့ပေါင်း ၂၀ ရှိသည့်အနက် ရိခေါဒါရ်၊ ရေဇွာ၊ ဝေဘုလ၊ နှာရိန်၊ ဆူရ်ခွါ၊ ပလက်ဝ၊ ဆမီး၊ ကျင်ဒွေ၊ ကျီခါး၊ တွန်းဇံ၊ မတူပီ၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို တော်လှန်ရေးပူး ပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

KMG ပေးပို့သည်။