တော်လှန်ရေးအင်အားစုများ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းသို့ စစ်ကြောင်းလှည့်လည်

0
382
ပုံစာ - ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းလှည့်လည်စဉ်။ (Photo – CJ)

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်အတွင်း နယ်မြေစိုးမိုးမှု ရရှိရန်အတွက် ဇူလိုင် ၇ ရက်နေ့ မနက်ပိုင်းက ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်သို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းလှည့်လည်ခဲ့ကြောင်း စစ်ရေး သတင်းအရင်းအမြစ်များထံက သိရသည်။

ယင်းသို့လုပ်ဆောင်ခြင်းသည် KNLA တပ်ရင်း (၃) နယ်မြေ ဘီးလင်းမြို့နယ် အတွင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းအား ထိန်းချုပ်နိုင်ရန် ပထမခြေလှမ်း ဖြစ်သလို ပြည်သူများအား စည်းရုံးလှုံ့ဆော်ခြင်းလည်း ဖြစ်ပြီး စစ်ကောင်စီအား တန်ပြန်တိုက်စစ်ဆင်နွဲသည့် သဘောဆောင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စစ်ကြောင်းဆင်းပြီး ကားလမ်းပေါ် ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးတယ်၊ ပြည်သူတွေလည်း အသာတကြည်ပဲ လက်ခံပါတယ်။ တချို့ဆို လက်သုံးချောင်းတွေထောင်ပြီး တချို့က ရေသန့်တွေ၊ မုန့်တွေ၊ ကွမ်းယာတွေတောင် ပြန်ပေးကြတာ ရှိတယ်။ တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေထဲမှာလည်း ဒီလိုတွေ လုပ်ဆောင်နေတယ်ဆိုတာ ပြချင်တာလည်း ပါပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကြောင်းလှည့်လည်နေစဉ် ကျိုက်ထို – ဘီးလင်း အစပ်ရှိ စစ်ကောင်စီ၏ သံတံတားဂိတ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြိမ်းခြောက်ရာ ဘီးလင်းမြို့နယ် သရက်ကုန်းကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်း အနီးသို့ ကျည် ကျရောက်သော်လည်း လူထိခိုက်မှု မရှိကြောင်း ဘီးလင်းမြို့ခံများက ပြောသည်။

“တော်လှန်ရေးအင်အားစုတွေ စစ်ကြောင်းလှည့်တုန်း သူတို့ (စစ်ကောင်စီ) ဘက်က သတင်းရရုံနဲ့ လက်နက်ကြီးပစ်တာပါ။ ရမ်းသမ်း ပစ်တာပေါ့နော်၊ သရက်ကုန်းရွာ ဘုန်းကြီးကျောင်းနားက အိမ်သာတွေ ပျက်စီးတယ်။ အပင်တွေ ထိတယ်၊ လူတော့ အထိအခိုက်မရှိဘူး” ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲမှ မွန်ပြည်နယ် အတွင်းရှိ ရန်ကုန် – မုတ္တမ၊ ရန်ကုန်-ဖားအံ လမ်းပိုင်းများအား နေ့စဉ် မနက် (၆) နာရီမှ ည (၆) နာရီအတွင်း ဖြတ်သန်း သွားလာခြင်း မပြုရန်နှင့် သတ်မှတ်လမ်းပိုင်းအား နေ့အချိန် ဖြတ်သန်းသွားလာပါက မှန်ချ မောင်းနှင်ကြရန် အသိပေးချက် ထုတ်ပြန်ထားသည်။

အလားတူ ကျိုက်ထို – ဘီးလင်း အစပ်ရှိ သံတံတား စစ်ဆေးရေးဂိတ်အား KNLA ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၆ ရက်နေ့က ဒရုန်းဗုံးဖြင့် ခြောက်ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း‌ ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here