ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား၊ ဒေသအသီးသီးရှိ အုပ်ချုပ်ရေးနယ်မြေအတွင်း သဘောထားကွဲလွဲမှုများကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့်သာ ဆက်လက်အဖြေရှာကြရန် မတူပီမြို့နယ်၊ ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်လိုက်သည်။
အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် မတူပီမြို့နယ်၊ ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာလူထု ကိုယ်စားလှယ်များ ပုံမှန်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ အချက် ၅ ချက်ပါ သဘောထားကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မတူပီမြို့နယ် စည်လုံးညီညွတ်ရေးကိုရှေ့ရှုလျက် CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် တပ်မဟာ ၂ တို့ကြား သဘောထားကွဲလွဲမှုကို ညှိနှိုင်ရေးလမ်းစဉ်ဖြင့် တိုက်တွန်းအဖြေရှာရန်၊ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖော်ဆောင်နေသည့် ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အောင်မြင်မှု မရှိသော်လည်း အခြားမည်သည့်ဖြန်ဖြေရေး အဖွဲ့အစည်းကိုမဆို လက်ခံညှိနှိုင်းမှုပြုလုပ်ရန် ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အဆိုပြုသည်။
CDF – မတူပီ၊ တပ်မဟာ-၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်က “ဒေသ ၃ က ပြည်သူတွေအားလုံးက ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့ပြည်သူတွေလို့ ပြောလို့ရတယ်။ တပ်မဟာ- ၁ ကနေ ကျနော်တို့ကို CB (ချင်းညီနောင်) ဘက်ကို မထောက်ခံဘူးဆိုပြီးတော့ ပိတ်ပင်တားဆီးတာတွေ ခရီးသွားလာတာတွေကို ပိတ်ပင်တာတွေရှိတယ်။ အဲဒါတင်မကပဲ ဈေးဝယ်၊ဈေးထွက်တာတွေရော အကုန်လုံးပိတ်ပင်တာရှိတယ်။ အဲဒါက သူတို့ထုတ်ပြန်ချက် အချက်ထဲမှာလည်းပါတယ်” ဟု ပြောသည်။
မတူပီမြို့နယ်တွင် စစ်ကောင်စီဒေါက်တိုင်မှလွဲ၍ တော်လှန်ရေးအင်အားစုများ၏ ယန္တရားနှင့် အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖြတ်သန်းသွားလာ လုပ်ကိုင်ခွင့်ပြုရန်နှင့် မူးယစ်ဆေးဝါးမှလွဲ၍ ပြည်သူ၏စားဝတ်နေရေးကို အထောက်အကူပြုစေသည့် ရောင်းဝယ်ဖောက်ကားမှုများခွင့်ပြုရန် အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
CDF – မတူပီ၊ တပ်မဟာ – ၁ က ချင်းညီနောင်အဖွဲ့ကိုလက်ခံမှ မတူပီမြို့ထဲကို ဝင်ခွင့်ရမည်ဟူ၍ သတ်မှတ်ထား သောကြောင့် ပလက်ဝ – မတူပီ လမ်းကြောတလျှောက်က CDF – မတူပီ၊ တပ်ရင်း ၃ ထိန်းချုပ်သည့် ဒေသ- ၃ နယ်မြေမှ ပြည်သူများသည် မတူပီမြို့ပေါ်ကို ဝင်ခွင့်မရသကဲ့သို့ လွတ်လပ်စွာသွားလာခွင့်၊ အရောင်းအဝယ် ပြုလုပ်ခွင့်မရ၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“ဖြစ်တဲ့ပြသနာအာလုံးဟာ အများအားဖြင့် ပြည်သူတွေရဲ့ အခက်အခဲကို ပိုဖြစ်လာစေတယ်။ ကျနော်တို့က ပြည်သူတွေကို အဲလောက်အခက်အခဲတွေ မတွေ့စေချင်ဘူး။ မဖြစ်စေချင်ဘူး။ တပ်ဖွဲ့ တစ်ခုနဲ့တစ်ခုဖြစ်တဲ့ ပြဿနာကို ပြည်သူတွေအထိပါ တားဆီးပိတ်ပင်တာတွေ လုပ်တာကို လုံးဝမကြိုက်ဘူး။ အဓိက တပ်မဟာ ၁ နဲ့ ၂ ကို အချင်းချင်းညှိနှိုင်းမှုလုပ်နိုင်မှ ပြည်သူတွေပါ လွတ်လပ်မှုရှိမယ်” ဟု ဆလိုင်းနိုင်းဂျွန်ကိမ်က ပြောသည်။
ဆက်လက်ပြီး ဆလိုင်းနိုင်းဂျွန်ကိမ်က “ဒေသ ၃ ဘက်က ပြည်သူတွေကို ဒီလိုလုပ်ထားမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လုပ်စရာတွေအများကြီးရှိတယ်။ ပြောချင်တာက ကလဲစားချေတာတော့ မဟုတ်ပေမယ့် ဖြစ်သင့်တဲ့အရာကို လူကြီးပိုင်းတွေက စဉ်းစားသင့်တယ်။ ကျနော်တို့အချင်းချင်းကြားက ပြသနာကို ပြည်သူတွေ အပေါ်မှာ မသက်ရောက်စေချင်ဘူး” ဟု ဆိုသည်။
ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့သည် မတူပီ – ပလက်ဝ လမ်းမပေါ်ရှိ ဝလံပီကျေးရွာနှင့် ထေဘွေးကျေးရွာအကြား ထောက်ပို့လမ်းကြောင်းအဖြစ် ဆက်လက်အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာဒေသခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန်လည်း ဒေသ- ၃ ပအဖအဖွဲ့က သဘောထားထုတ်ပြန်ထားသည်။
ဒေသ – ၃ နယ်မြေအတွင်း ဒေသခံပြည်သူများ၊ မတူပီမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူများ၊ တခြားဒေသဘက်မှ စစ်ဘေးရှောင်ပြည်သူများ စုစုပေါင်း ပြည်သူ ၁၅၀၀ ဝန်းကျင်ခန့် နေထိုင်ကြကြောင်း ဒေသခံတို့က ပြောဆိုသည်။
CDF-Matupi တပ်ဖွဲ့သည် တပ်မဟာ – ၁ နှင့် တပ်မဟာ- ၂ အဖြစ် နှစ်ခြမ်းကွဲသွားခဲ့ပြီးနောက် တပ်မဟာ – ၁ သည် ချင်းညီနောင် (CB) အဖွဲ့ဝင် ဖြစ်လာပြီး၊ တပ်မဟာ-၂ သည် ချင်းလဲန်းကောင်စီ (CC) အဖွဲ့ဝင်ဖြစ်သည်။
CDF – မတူပီ၊ တပ်မဟာ – ၁ သည် အာရက္ခတပ်တော် AA နှင့် မဟာမိတ်တပ်ဖွဲ့များ၏ စစ်ရေးအကူအညီဖြင့် မတူပီမြို့က စစ်ကောင်စီစခန်းများကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်လျှက်ရှိသည်။
KMG ပေးပို့သည်။