နွေဦးတော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ရဲဘော် ၂၀ ဦး ကျဆုံးခဲ့သည်ဟု အဆိုပါအဖွဲ့၏ နိုဝင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
တော်လှန်ရေးအတွင်း ရဲဘော်များ ကျဆုံးရသည်မှာ လက်နက်အင်အား မလုံလောက်မှု၊ အတွေ့အကြုံနည်းပါးမှု၊ ရဲဘော်တစ်ဦးချင်းစွမ်းရည် လိုအပ်ချက်ရှိမှု၊ ဒလန်သတင်းပေး တိကျမှုတွေကြောင့် ကျဆုံးခဲ့သည်ဟု ဆိုပါသည်။
တော်လှန်ရေးရဲဘော်များ ကျဆုံးမှုတွင် တိုက်ပွဲအတွင်း ကျည်ထိမှန်ခြင်း၊ လက်နက်ကြီးထိမှန်ခြင်း၊ မိုင်းမတော်တဆမှုဖြစ်ခြင်း၊ ကျန်းမာရေးအခြေအနေတို့ကြောင့်လည်း ပါဝင်သည်ဟု LLPDF ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ထိုအခြေအနေတို့ကြောင့် ယခုနောက်ပိုင်း၌ အားနည်းချက်တို့ကို ပြင်ဆင်ပြီး စစ်ပညာသင်ကြားမှုအပါအဝင် ဘဏ္ဍာရေး လိုအပ်ချက်ကိုပါ အဓိကလုပ်ဆောင်နေသည်ဟုလည်း LLPDF ဒု-တာဝန်ခံကိုကျွဲက ပြောဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့က တော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရဲဘော်များအားရည်စူးပြီး သံဃာတော်များကို ဆွမ်း၊ သင်္ကန်းအပါအဝင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်ဟုလည်း LLPDF ထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်းကာလအတွင်း LLPDF တပ်ဖွဲ့သည် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအပါအဝင် မြို့တွင်း စစ်ဆင်ရေးအထိ ဖော်ဆောင်နိုင်ခဲ့သော တပ်ဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေသော ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။