တောတောင်ထဲတွင် ခိုလှုံနေကြသည့် ရခိုင်စစ်ရှောင်တစ်သောင်းကျော် စားနပ်ရိက္ခာနှင့် နေထိုင်ရေးအခက်အခဲ ရင်ဆိုင်နေရ

0
146
Photo - Thet Lwin Phyo

ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်နေသည့် အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်မှ လူဦးရေတစ်သောင်းကျော်သည် နီးစပ်ရာတောတောင်ထဲတွင် စစ်ဘေးရှောင်နေကြရပြီး ဆောင်းတွင်းရာသီဖြစ်၍ အမိုးအကာနှင့် အနွေးထည်၊ စောင်များ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်တို့တွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၅ သောင်းဝန်းကျင်ရှိပြီး ယင်းတို့အထဲမှ စစ်ဘေးရှောင် ၁ သောင်းကျော်သည် တောတောင်ထဲတွင် အအေးဒဏ်နှင့် အစားအစာပြတ်လပ်မှုဒဏ်ကို ရင်ဆိုင် နေကြရသည်။

“အခုအချိန်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် လုံခြုံမယ်ထင်တဲ့နေရာကို ထွက်ပြေးကြတာ။ တချို့က နီးစပ်ရာရွာကို ပြေးကြသလို၊ လေကြောင်းရန်ကို ကြောက်တာကြောင့် တချို့က တောထဲမှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ စစ်ရှောင်နေကြတာ။ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်အစ လိုအပ်ချက်တွေ ရှိနေတယ်။ ထွက်ပြေး လာတဲ့အခါ စောင်တွေပါမတဲ့အပြင် တောတောင်ထဲ အမိုးအကာတွေမရှိဘဲ နှင်းပြင်မှာအိပ်နေကြရတယ်” ဟု ရခိုင်ပြည်အတွင်း လူမှုကူညီရေးဆောင်ရွက်နေသူ စာရေးဆရာဝေဟင်အောင်က ပြောသည်။

တောတောင်ထဲ စစ်ရှောင်နေသူများထဲတွင် ကလေးငယ်နှင့် သက်ကြီးပိုင်း အများဆုံးပါဝင်ပြီး အအေးဒဏ်နှင့် ဆေးဝါးလိုအပ်ချက်များကြောင့် အမ်းနှင့် တောင်ကုတ်မြို့နယ်တွင် သေဆုံးသူတချို့လည်း ရှိနေကြောင်း သိရသည်။

“အမ်းနဲ့ တောင်ကုတ်က နဂိုကတည်းက အအေးကြီးတဲ့ဒေသထဲမှာ ပါတယ်။ အမ်းဆို ပိုဆိုးတယ်။ ဒါကြောင့် တစ်ချို့သက်ကြီးရွယ်အိုတွေ သေဆုံးတာတွေရှိတယ်။ စားရင်းအတိအကျတော့ မသိရသေးဘူး” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

တောင်ကုတ်၊ ဂွနှင့် အမ်းမြို့နယ်ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ရေး AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ယနေ့အထိ ပြင်းထန်နေသည်။ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ စစ်ဘေးရှောင်ဦးရေ တိုးလာပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် အရပ်သားသေဆုံးမှုလည်း မြင့်တက်နေသည်။

“ဂွမြို့မှာ မြို့ပေါ်လူတွေက အနည်းစုပဲကျန်တော့တယ်။ အကုန်လုံးက အဆင်ပြေသလို ဘေးလွတ်ရာကို ထွက်ပြေးနေကြတာ။ ဒါကြောင့် ကူညီရတဲ့အပိုင်းမှာ လက်လှမ်းမမီတာတွေ ရှိနေတယ်” ဟု ဂွမြို့နယ်အတွင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ရခိုင်ဒေသအတွင်း တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူဦးရေ ၇ သိန်းနီးပါးအထိ တိုးလာနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာစသည့် အရေးပေါ်အကူအညီ လိုအပ်ချက်များ မြင့်တက်နေသည်။

တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ ရခိုင်ဒေသကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသဖြင့် စစ်ဘေးရှောင်များမှာ လူသားချင်းစာနာမှုဆိုင်ရာ ရပိုင်ခွင့်များ ဆုံးရှုံးနေရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here