တောင်ငူ- သံတောင် ၄ မိုင်လမ်းအား စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ပိတ်ဆို့ထား

0
423

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့အရှေ့ဘက် (၄) မိုင်ရှိ စစ်ကောင်စီတပ်ရင်းစခန်းကို နယ်မြေခံ တော်လှန်ရေးအဖွဲ့များက စတင်‌ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တောင်ငူ-သံတောင် (၄) မိုင်လမ်းအား ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ဆို့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၁၇ ရက် နေ့ ညပိုင်းမှ စတင်၍ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၃၉ သို့ တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားသည်တွင် ထိုတပ်ရင်းနှင့်အနီးရှိ ရေဆင်းကုန်းကျေးရွာအပါအဝင် အခြားကျေးရွာများသို့ စစ်ကောင်စီဘက်မှ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

တိုက်ပွဲမှာ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းအထိ ပြင်းထန်နေသည့်အပြင် စစ်ကောင်စီတပ်ဘက်က လမ်းပိတ်ဆို့ထားသဖြင့် ဒေသခံများ ဖြတ်သန်းခွင့်မရဘဲ ပိတ်မိနေသည်ဟု သံတောင်မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“(၄) မိုင်မှာ တစ်ချက်ပိတ်တယ်။ စစ်တောင်းတံတားကိုလည်း အစောပိုင်းက ပိတ်ထားတယ်။ ဘယ်သူမှ ဖြတ်သန်းခွင့် မပေးဘဲ တောင်ငူကိုမဝင်ရသလို ထွက်လည်းထွက်မရဘူး။ ဘုရားကြီးဘက်လည်း ကြားတယ် (၄) မိုင် ပိတ်ပြီဆိုတာနဲ့ အကုန်ပိတ်ပြီလေ။ ညတုန်းကဖြစ်တယ် ဒီမနက်ဖြစ်တယ် ပြီးတော့ စပိတ်လိုက်တာပဲ၊ ဘယ်အချိန်ပြန်ဖွင့်မလဲ မသိသေးဘူး” ဟု အဆိုပါသံတောင်မြို့ခံက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်သွားပြီး စစ်တောင်းတံတား အဝင်အထွက်ကို ဖြတ်သန်းသွားလာခွင့် ပြုလိုက်သော်လည်း တောင်ငူမြို့အဝင်အထွက်ကို စစ်ဆေးရေး တင်းကြပ်ထားသဖြင့် သတိထား သွားလာကြရန်လိုကြောင်း တောင်ငူဒေသခံများက သတိပေးပြောဆိုထားသည်။

အမည်မဖော်လိုသူတောင်ငူမြို့ခံ အမျိုးသမီးတစ်ဦးက “အခုကတော့ ငြိမ်နေပြီ၊စစ်တပ်တော့ တော်တော်လေး ခြေရှုပ်နေသေးတယ်။ မနက်က တော်တော်ကြမ်းတာ ကျမတို့အိမ်ဘက်ဆို ဒီနေ့မနက် (၄) နာရီကတည်းက ပစ်သံခတ်သံတွေ စကြားနေရတာ” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပဲခူးတိုင်းအရှေ့ဘက် ရေတာရှည်မြို့နယ်အတွင်းရှိ မြို့နှင့် ကျေးရွာများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်တပ်ဘက်က ပစ်ခတ်မှုများကြောင့် ဒေသခံအများအပြား ရွှေ့ပြောင်းစစ်ရှောင်နေကြရကြောင်း သိရသည်။

ထို့နောက် စစ်တောင်းမြစ်အရှေ့ဘက်ရှိ လှေဆိပ်များတွင် အဝင်အထွက်များကို တင်းကြပ်စစ်ဆေးခြင်းနှင့် ကုန်ပစ္စည်း သယ်ဆောင်မှု ကန့်သတ်ခြင်းကြောင့် ဒေသတွင်း လှေအသုံးပြု ဖြတ်သန်းသွားလာသူများ အခက်အခဲကြုံနေသည်ဟု နယ်ခံများက ပြောဆိုကြသည်။

တောင်ငူမြို့ (၄) မိုင် စစ်ကောင်စီတပ်ရင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပစ်ခတ်မှုများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုကို သီးခြားအတည်ပြုနေဆဲဖြစ်သလို ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီမှ တစုံတရာ ထုတ်ပြန်ထားခြင်း မတွေ့ရှိရသေးပေ။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here