တောင်ငူ၊ ကယားပြုံးချောင်းရွာရှိနေအိမ်များကို စစ်ကောင်စီတပ်က တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီး

0
406

ကရင်အမျိုးသားအစည်းအရုံး-KNU, တပ်မဟာ (၂)၊ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကယားပြုံးချောင်းရွာသို့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီတပ်များက ရွာရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာမှာ ယခုဆို တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

“အိမ်ကြီးတွေကိုရွေးပြီး ရှို့သွားတာ များပါတယ်။ အခုတခေါက်မှာတော့ ၁၇ လုံးလောက် ပါသွားတယ်” ဟု ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခံလိုက်ရသော ကယားပြုံးချောင်းရွာခံ နေအိမ်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

မီးရှို့ဖျက်ဆီးခံလိုက်ရသည့် နေအိမ်အများစုမှာ အုတ်ခံဖြင့်တည်ဆောက်ထားသော အိမ်ကြီးအိမ်ကောင်းများ ဖြစ်ကြောင်း ဒေသခံများကပေးပို့လာသော မီးလောင်ပုံကြားမှ ကျန်ရှိသည့်နေအိမ်အပျက်အစီး မှတ်တမ်းများအရ သိရသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကယားပြုံးချောင်းရွာတွင် မီးရှို့ဖျက်ဆီးခံလိုက်ရ နေအိမ်စုစုပေါင်း အလုံး ၄၀ ထက်မနည်း ရှိနေပြီဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလနှင့် နိုဝင်ဘာလများတွင် တော်လှန်ရေးအင်အားစုများ ခိုအောင်းနေသည့် စွပ်စွဲချက်ဖြင့် ကယားပြုံးချောင်းရွာရှိ ဒေသခံနေအိမ် အလုံး ၃၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ယခုဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ကယားပြုံးချောင်းရွာသို့ ထပ်မံဝင်ရောက်လာပြီး ဒေသခံနေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဒေသခံနေအိမ်များ မကြာခဏ ဝင်ရောက်မီးရှို့ခံရခြင်း၊ ရွာအနီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ မကြာခဏ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီနီးစပ်ရာတပ်ရင်းများမှ လက်နက်ကြီး ပစ်ကူပေးလာခြင်း၊ ရွာအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဥ် ဒေသခံများအား ဖမ်းဆီးစစ်ဆေးခြင်းတို့ကြောင့် ကျေးရွာခံများမှာ စစ်ဘေးရှောင် ထွက်ပြေးနေကြရကြောင်း စစ်ရှောင်အရေးကူညီနေသူများက ပြောသည်။

စစ်ရှောင်ကူညီနေသူအမျိုးသားတစ်ဦးက “ပြန်နေဖို့ကတော့ မလွယ်ဘူး။ တချို့လူတွေကတော့ ပြန်နေတယ်။ တချို့ကတော့ သွားတယ်။ ကျနော်တို့ဆီမှာ အများအားဖြင့်က တစ်ရက်နှစ်ရက်ဖြစ်ရင် တစ်လလောက် ရှောင်တယ်။ ငြိမ်သွားရင် အိမ်ပြန်နေတယ်။ စစ်ရှောင်တွေကိုကူဖို့ အထောက်အပံ့အတွက်ကတော့ လမ်းကြောင်း ပြန်ရှာရဦးမယ်။ ဘာသာရေးပိုင်းက ပြန်ကူတာရှိတယ်လေ” ဟု ပြောသည်။

အိမ်ခြေ ၁၂၀ ခန့် ရှိသည့် ကယားပြုံးချောင်းရွာအပြင် အနီးဝန်းကျင်ရှိ ရှမ်းပြုံးချောင်းရွာ၊ ရေဆင်းကုန်းရွာနှင့် အခြားကျေးရွာများ အနီးတွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၃၉) နှင့် (၇၃) တပ်ရင်းများအပြင် ရဲလေ့ကျင့်ရေးစခန်းတို့ ရှိနေပြီး တိုက်ပွဲများဖြစ်ပွားစဥ် ထိုတပ်ရင်းများမှ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ကူပေးသလို တိုက်ပွဲဖြစ်ပွားခြင်း မရှိချိန်တွင်လည်း လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းကိုခံရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

တတိယအကြိမ်မြောက် နေအိမ်မီးရှို့ခံရသည့် ဇန်နဝါရီလ ၁၀ ရက်နေ့ ဖြစ်စဥ်တွင် ကျူးလွန်သူ စစ်ကောင်စီ တပ်ဖွဲ့များ ရွာမှ ပြန်လည်ထွက်ခွာပြီးနောက် ရှမ်းပြုံးချောင်းရွာထိပ်သို့ အရောက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA နှင့် ပုဝါနီစစ်ကြောင်း ပါဝင်သည့် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ ဘက်က ပြောသည်။

စစ်အာဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ အထိ ကယားပြုံးချောင်းရွာ အပါအဝင် ပဲခူးတိုင်း (အရှေ့ဘက်ပိုင်း) ကျေးရွာများတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု ခံခဲ့ရသည့် နေအိမ်စုစုပေါင်း ၂၉၅ လုံး ရှိလာပြီဖြစ်ကြောင်း နိုင်ငံတဝှမ်းမီးလောင်မှုများကို စာရင်းပြုစုနေသော Data for Myanmar ၏ မှတ်တမ်းများအရ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here