ပဲခူးတိုင်း၊ တောင်ငူမြို့သို့ စစ်ဘေးရှောင်လာသူတချို့အား မြို့တွင်း၌ငှားရမ်းနေရာချထားပေးရာတွင် အိမ်ငှားခ ဈေးနှုန်းများ မြင့်တက်လာသည့်အပြင် အိမ်ရှင်နှင့် ညှိနှိုင်းမရတာကြောင့် အခက်တွေ့နေရကြောင်း တောင်ငူမြို့ခံ စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။
စစ်ဘေးရှောင်များခိုလှုံနေထိုင်ကြသည် ဘာသာရေးအဆောက်အဦးအများစု၌ စစ်ရှောင်လာကြသူ အရေအတွက် များပြားလွန်းသဖြင့် စစ်ဘေးရှောင်ကူညီသူများက တောင်ငူမြို့အတွင်း အိမ်များငှားရမ်း၍ နေရာချ ပေးရာတွင် အိမ်ငှားခ ဈေးနှုန်းမှာ ယခုနောက်ပိုင်း အဆမတန်မြင့်တက်လာသည့်အပြင် လချုပ်နှစ်ချုပ် ပေးဆောင်မှ ငှားရမ်းမည့် အခြေအနေများကြောင့် အခက်တွေ့နေရသည်ဟု ၎င်းတို့က ပြောပါသည်။
မြို့ခံစစ်ဘေးရှောင်ကူအမျိုးသမီးတစ်ဦးက “ ပုံမှန်ဆို လုံးချင်းအိမ်တစ်လုံးကို ၂ သိန်းယူတာ အခုကျမှ ၈ သိန်း ကနေ ၁၀သိန်းအထိမှ ငှားပေးတယ်။ ပြီးတော့ ၆ လချုပ်မှ ငှားမယ်ဆိုတာတွေ ဖြစ်ကုန်တယ်” ဟု ဆိုသည်။
ကရင်ပြည်နယ်၊ သံတောင်ကြီးတွင် ဖြစ်ပွားသည့် တိုက်ပွဲများအပြင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှ စခန်းသိမ်းတိုက်ပွဲများကြောင့် ထိုဒေသခံအများစုမှာ နီးစပ်ရာ တောင်ငူမြို့ရှိ ဘာသာရေးအဆောက်အဦးများတွင် စစ်ဘေးတိမ်းရှောင် လာရောက်နေထိုင်ကြရခြင်း ဖြစ်သည်။
ထို့အပြင် တောင်ငူမြို့ပေါ်ရပ်ကွက်ကြီးများတွင် စစ်ရှောင်များထားရန် အိမ်ငှားရမ်းရာတွင် အိမ်ပွဲစားများအား ပွဲစားခပေးနေရသလို ငှားရမ်းသည့်သက်တမ်း တစ်နှစ်စာချုပ် ချုပ်ဆိုနိုင်မှ ငှားရမ်းပေးမည်ဟု ပြောဆိုမှု ရှိလာသဖြင့် ငွေကြေးအရမတတ်နိုင်ကြတော့ကြောင်း စစ်ရှောင်ကူညီနေသူ နောက်ထပ်အမျိုးသမီးက ပြောသည်။
“၂ သိန်းခွဲနဲ့ တစ်နှစ်ချုပ်ခေါ်တာ ကျမတို့မတတ်နိုင်ဘူးလေ အဲ့ဒါနဲ့ပဲ မယူတော့ဘူး။ စပေါ်တင်လည်း တင်ရတယ် တင်တာတောင် ပွဲစားကတစ်သိန်း ထပ်တောင်းသေးတယ်။ ရတဲ့အလှူငွေထဲက တစ်လတစ်လ ရှင်းပေးရတာပေါ့။ ကျမတို့ငှားပေးထားတဲ့ အိမ်မှာဆို အသက် ၇၀ ဝန်းကျင် လူကြီး ၅ ယောက် တစ်ယောက်က ဆီးချိုဖြစ်နေတော့ အိမ်ယာထဲမှာ နေတာပဲများတယ်” ဟု အဆိုပါအမျိုးသမီးက ပြောဆိုသည်။
ထို့အတူ စစ်ရှောင်ပြည်သူများ နေထိုင်ရာနေအိမ်များအား စစ်ကောင်စီတပ်က အချိန်မရွေး ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်ကြသဖြင့် အိမ်ပိုင်ရှင်များအနေဖြင့် အိမ်ငှား မတင်ရဲကြကြောင်းလည်း မြို့ခံများနှင့် စစ်ရှောင်ကူညီနေသူများက ပြောသည်။
ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့တွင် ဖြစ်ပွားနေသော တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ မြို့တွင်းမှာပါ ပစ်ခတ်မှုများလုပ်ဆောင်သဖြင့် ဒေသခံများမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်း အထိ မြို့ကိုစွန့်ခွာထွက်ပြေးနေရပြီး တောင်ငူမြို့တွင် စစ်ဘေးရှောင်များ တဆထက်တဆ တိုးပွားလာနေသည်ဟု စစ်ရှောင်ကူသူများက ပြောပါသည်။
KIC ပေးပို့သည်။